ကျွန်မ..
အိပ်မက်တစ်ခုမက်တဲ့အကြောင်းလေး ပြောပြချင်တယ်
ကျွန်မ ဘ၀မှာ.. အိပ်မက်တိုင်းအရေးမကြီးပေမယ့် တစ်ချို့အိပ်မက်တွေက ကျွန်မ အတွက်
အကျိုးအပြစ်တစ်စုံတစ်ရာ ရှိမှန်းသိလောက်အောင်ကို ထူးခြားတယ်..
ကျွန်မ လေးတန်းနှစ်လောက်စပြီး အိပ်မက်တွေရဲ့ ထူးခြားတိကျမှုတွေကို သတိထားမိခဲ့တာပဲ..
ဥပမာ.. ကျွန်မ သထုံမြို့လေးမှာ
နေခဲ့တုန်းက ကျွန်မတို့ မိသားစုဆီကို
မေမေ့ရဲ့ မောင်အလတ်ဖြစ်သူ ဦးဦးက အလည်လာတယ်.. သူလာတဲ့အခါ.. ဆံပင်အရှည်ကြီးဖြန့်ချထားတဲ့ မိန်းမတစ်ယောက်နဲ့အတူ
အ၀တ်အစားအိတ်တစ်လုံးကို တစ်ဖက်ဆီဆွဲလာခဲ့တယ်..
ပြီးတော့.. ကျွန်မ တက်တဲ့
မူလတန်းကျောင်းလေးကို လာပြီး ကျောင်းရှေ့ဘေးနားက ပြတင်းပေါက်မှာ လာရပ်တယ်..
နောက်.. ကျွန်မ ကို လှမ်းခေါ်တယ်..
အဲ့ဒီအိပ်မက်က အိပ်ပျော်သွားကာစမှာ မက်တာမို့ မျက်လုံးပြန်ဖွင့်တဲ့အချိန် တကယ့်ခဏလေးမက်လိုက်တာပါလားလို့
ကျွန်မ တွေးတယ်.. နိုးတာနဲ့.. မေမေ့ကိုပြောတယ်..
ဦးဦးကို အိပ်မက်မက်တယ်.. မနက်ဖြန် ဦးဦးလာလိမ့်မယ်လို့..
ဒီတော့.. မေမေက ပြုံးတယ်.. သမီး ပြန်အိပ်တဲ့.. ကျွန်မ ပြောတာ.. မေမေနဲ့ဖေဖေယုံချင်မှ ယုံမယ်..
ပြီးတော့ အတိအကျလည်း ကျွန်မ ပြောပြမဖြစ်တော့ဘူး.. ကျွန်မ ပြန်အိပ်လိုက်တယ်..
နောက်နေ့ ကျွန်မ အိပ်မက်ကအတိုင်း တစ်ခုမှ မလွဲသွားဘူး.. ကျောင်းရှေ့ဘေးနားက လာရပ်တဲ့ ပြတင်းပေါက်ကအစ.. ဦးဦး ရဲ့ မိန်းကလေး ဆံပင်အရှည်ကြီးဖြန့်ချထားတာကအစ.. ကျွန်မ တို့တွေ စာသင်နေချိန်.. ဆရာကခွင့်ပြုလို့ ဦးဦးဆီပြေးသွားတယ်..
ဦးဦးနဲ့အဲ့ဒီအမျိုးသမီးက ကျွန်မ ကိုပြုံးပြပြီး မုန့်ဖိုးပေးတယ်..
ပြီးတော့.. ဦးဦးကပြန်တော့မယ်တဲ့.. သမီးတို့ကိုတွေ့ချင်လို့ အလည်ဝင်လာတာပါတဲ့..
အဲ့ဒီအချိန်ကစပြီး အိပ်မက်တွေကို ကျွန်မ တန်ဖိုးထား ယုံကြည်တတ်သွားတယ်.. အလေးအနက်ထားမိသွားတယ်.. စိတ်ဝင်စားသွားတယ်..
သတိထားမိသွားတယ်ပေါ့..။
အဲ့ဒီတိကျတဲ့ နိမိတ်အိပ်မက်တစ်ခုကစပြီး… နောက်ထပ် ဖြစ်လာမယ့် နိမိတ်အိပ်မက်တွေ မကြာမကြာထပ်မက်တယ်..
အဲ့ဒီအိပ်မက်တိုင်း ကျွန်မ ပြောလို့မဖြစ်နိုင်ဘူးလေ..
အဲ့ဒီထဲမှာ.. ကျွန်မ အိပ်မက်ထဲက
နေရာတစ်ချို့ဆို အပြင်မှာရှိကိုရှိနေလိမ့်မယ်လို့ စိတ်က အလိုလိုခံစားမိတာမျိုး..
နောက်ထပ်မက်တဲ့ အိပ်မက်က မက်ခဲ့ပြီးတဲ့ အိပ်မက်တွေရဲ့ အဆက်တွေဖြစ်နေတာမျိုး..
ဒီနေရာတစ်ခုကို အကြိမ်ကြိမ် ရောက်ဖူးနေတာလို့ ခံစားရတာမျိုး..
အိပ်မက်စာအုပ်တွေမှာလေ့လာဖြစ်တော့လည်း .. ဖြစ်နိုင်တဲ့အကျိုးအပြစ်တွေမှာ ကျွန်မ နဲ့ ငြိတာမျိုးမရှိဘူး..
ကျွန်မ က အဲ့ဒီအရာကို မစွဲလမ်းပဲ မက်တာ.. မတွေးပဲ မက်တာ.. သတိတောင်မထားမိပဲ မက်တာ..
ဆန္ဒမရှိပဲ မက်တာလေ..
~~~~~~~~~~~~ ✤ ~~~~~~~~~~~~
သိတတ်စအရွယ်ကတည်းက သတိထားမိပါတယ်.. ခုချိန်ထိ.. ကျွန်မရဲ့ ညတွေတိုင်း အိပ်မက်
မမက်တဲ့ ညရယ်လို့ မရှိခဲ့တာပါပဲ..
ခု ကျွန်မ ပြောပြချင်တဲ့ ကျွန်မရဲ့ ထူးဆန်းတဲ့ နောက်ဆုံးအိပ်မက်လေးက မကြာသေးတဲ့
တစ်ရက်ဆီက မက်ခဲ့တာပါ.. မက်သမျှထဲ အထူးခြားဆုံးပါပဲ..
အဲ့ဒီအိပ်မက်ထဲမှာ တောလေးတစ်တောထဲ ကျွန်မက ရောက်နေပြီး လူတွေလည်း ရှိနေကြတယ်.. တောလေးဆိုပေမယ့်လည်း.. တောတန်းလေးရဲ့မနီးမဝေးဘေးမှာ
အိမ်ခြေတစ်ချို့ရှိနေတယ်..အဲ့ဒီတောထဲက ကျွန်မ ရောက်နေတဲ့ လမ်းသွယ်လေးဟာ
လှည်း သွားလို့ရအောင်လောက်တော့ ကျယ်တယ်..။ အဲ့ဒီမှာ ကျွန်မလမ်းလျှောက်နေရင်း
အဲ့ဒီလမ်းသွယ်ကနေ ထပ်ပြီး သွယ်တဲ့လမ်းတစ်ခုကိုတွေ့တော့ ချိုးကွေ့ပြီး လျှောက်သွားတုန်း
ကျွန်မ ဆီကို ဆင်တစ်ကောင်က လှမ်းလာနေတာကို တွေ့တယ်.. သူ လာနေတာကို
ကျွန်မ က အညှို့ခံထားရတဲ့သူလို ငေးကြည့်နေတာ.. တစ်ဖြည်းဖြည်း နီး..
နီး လာတော့ သူက ဆင်မဟုတ်ဘူး.. တောင့်တောင့်တင်းတင်း
ယောက်ျားတစ်ယောက်.. သူ့မျက်နှာက ယောက်ျားပီသတယ်.. တည်တည်တံ့တံ့ ကျားကျားလျားလားနဲ့.. ဆံပင်က ကျွန်မတို့
ဖိုးဖိုးခေတ်ကလို သျှောင်ဆံထုံး ထုံးကာထားလို့.. သူ့အသားအရေက
ကြေးဝါရောင် ၀င်းဝင်းနဲ့ မပြုံးမရယ်ပါ.. ဒါပေမယ့် သူ့မျက်လုံးက
အင်မတန်နူးညံ့ကြောင်း ကျွန်မ ဘာနဲ့မှ နှိုင်းပြလို့တောင် မရခဲ့ဘူး.. အနားရောက်လာတော့ သူက ကျွန်မကို ကြင်ကြင်နာနာနဲ့ ပြုံးပြတယ်.. နောက်တော့ ကျွန်မကို သူက နမ်းတယ်.. ကျွန်မက သူ့ကို ပြန်နမ်းတယ်..
အဲ့ဒီအနေအထားမှာ သူနဲ့ကျွန်မက သူစိမ်းတွေလုံးဝမဟုတ်ဘူး.. သူ့အငွေ့အသက်က နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီး အတူရှိဖူးတယ်လို့ ရင်ထဲ
ခံစားနေမိတယ်.. သူက ကျွန်မကို အသာအယာနမ်းနေတုန်း လူနှစ်ယောက်က
သူ့ကို ခပ်ကြမ်းကြမ်းနဲ့လာဆွဲခေါ်ကြတယ်.. သူတို့တွေက ဆင်ထိန်းတွေပဲ..
တကယ်တော့ ကျွန်မက လွဲရင်.. သူ့ကို ဆင် လို့ပဲ မြင်နိုင်ကြတာ..
သူနဲ့ကျွန်မ တစ်ယောက်ကိုတစ်ယောက် ၀မ်းနည်းရင်း ကြည့်လိုက်ကြတယ်..
သူ က သွားရတော့မယ်.. ဒီတော့ သူ့ကို သတိရတမ်းတတဲ့အခါ..
ဒီလက်စွပ်ကလေးကို ကြည့်ပြီး အလွမ်းဖြေပါ ချစ်သူတဲ့.. အဲ့ဒီလိုပြောပြီး လက်စွပ်တစ်ကွင်း ကျွန်မကို သူ ပေးခဲ့တယ်.. အဲ့ဒီလက်စွပ်ဟာ သစ်အနွယ်တစ်မျိုးနဲ့လုပ်ထားသလားပဲ.. ပြီးတော့
နဲနဲရှုတ်ရှက်ခတ်နေတယ်..ကျွန်မ မြင်တာက အဆောင်လက်စွပ်တစ်ခုခု ပုံစံမျိုးလိုပါပဲ..
နောက် ကျွန်မ က အဲ့ဒီတောရဲ့ တစ်နေရာမှာဝမ်းနည်းပြီးမှိုင်ကာနေတုန်း..
အစောက ကျွန်မချစ်သူ ဆင်က လူအဖြစ်နဲ့
ကျွန်မနားကို ထပ်ရောက်လာတယ်.. ရောက်တဲ့အခါ တစ်ယောက်ကိုတစ်ယောက်
ထပ်ဝေးမှာကိုကြောက်တဲ့စိတ်နဲ့ ဖက်ထားကြပြန်တယ်.. အဲ့ဒီလို ဖက်ထားနေတုန်း..
ဆင်ထိန်းတွေက ရောက်လာပြန်တယ်.. နောက် ၀မ်းနဲကြပြန်တယ်..
သူက မျက်ရည်ကျရင်း.. ကျွန်မအတွက် အလွမ်းဖြေဖို့
ကြိုးနဲ့တွဲပြီး ဆွဲရတဲ့ အဆောင်ကြုပ်လေးတစ်ခုကို ပေးခဲ့ပြန်ပါတယ်.. အဲ့ဒီကြုပ်လေးကလဲ အစောက လက်စွပ်လို ထူးဆန်းတဲ့ သစ်ခက်သစ်နွယ်တစ်မျိုးနဲ့ လေးထောင့်သဏ္ဍာန်လုပ်ထားတာပေါ့..
ပြီးတော့ သူက ဆင်ထိန်းတွေလက်ထဲ နောက်ထပ်တစ်ကြိမ် ပါသွားပြန်ရော..
ထူးဆန်းတာတစ်ခုက ဆင်ထိန်းတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့မျက်နှာမရှိဘူး.. သူတို့က လုပ်နေကျအတိုင်း ဆင်ကိုပြန်ဖမ်းတဲ့ပုံစံနဲ့..
အေးအေးဆေးဆေ့း သူ့တို့အချင်းချင်း ပြုံးပြုံးနဲ့ .. ပြီးတော့ ကျွန်မတို့ချစ်သူနှစ်ဦးကို ခွဲရတာမျိုးလည်း အပြစ်တစ်ခုမဟုတ်သလိုနဲ့..
အေးဆေးလွန်းကြတယ်.. တကယ်တမ်း ကျွန်မတို့နှစ်ယောက်
ခွဲရချိန်တိုင်းမှာ ရင်ဘတ်ထဲ နှလုံးသားတစ်စုံလုံး အနှုတ်ခံလိုက်ကြရသလို ပျော်ရွှင်မှုတွေပါ
ဆိတ်သုဉ်းသွားပြီး ဟာတာတာနဲ့ ခံစားခဲ့ကြရတာချည်း။
အဲ့ဒီလိုပဲ နောက်ထပ်.. သူက ဆင်ထိန်းတွေ လစ်တဲ့အခါတိုင်း ကျွန်မဆီကို ပြေးပြေးလာပြီး
လာချိန်းတွေ့တတ်တယ်.. ပြီးရင်လည်း ကျွန်မကို ကြင်ကြင်နာနာပြုံးလို့
ကြည့်တယ်.. ကျွန်မရဲ့ နဖူးလေးနဲ့ ဆံနွယ်လေးတွေကို မြတ်မြတ်နိုးနိုးနဲ့ ညင်ညင်သာသာကလေး
နမ်းတယ်.. အဲ့လိုရှိနေတဲ့အချိန်တိုင်း ဆင်ထိန်းတွေက လာလာပြီး
ပြန်ဆွဲခေါ်ပြန်တယ်..
အဲ့ဒီလိုနဲ့ ကျွန်မနဲ့ ချစ်သူဆင်ဟာ ဆို့နင့်နေတဲ့ ရင်ခွင်နှစ်ခုကို ချွေးသိပ်ဖို့
ကြိုးစားလိုက်.. တစ်ခါ..
ဆုံတည်းခြင်းတွေကို အဆုပ်လိုက် ခြေမွခံရလိုက်နဲ့ပဲ.. ကျွန်မ အိပ်မက်က
နိုးခဲ့တဲ့အထိ ၀မ်းနည်းနာကျင်နေခဲ့ရင်း အိပ်မက်ထဲ သူပေးခဲ့တဲ့ လက်ဆောင်ကလေးများ ကျွန်မနားမှာ ရှိလိုရှိငြား အယောင်ယောင်အမှားမှားနှင့်
စမ်းမိသည်ထိပင်..။
~~~~~~~~~~~~ ✤ ~~~~~~~~~~~~
(ခုချိန်ထိ ဒီအိပ်မက်ကလေး
မက်တဲ့နေ့ကစလို့ ရင်ထဲမှာ မကြာမကြာ တစ်ဆစ်ဆစ်နဲ့.. ကိုက်ခဲနေသေးကြောင်း)
~~~~~~~~~~~~ ✤ ~~~~~~~~~~~~