ဒီနေ့လေးမှာ ကြည်ဖြူလည်း
တဂ်ပို့စ်လေးရေးဖို့ ကြိုးစားဖြစ်တော့တယ်..။ တကယ်တော့
ကိုယ်တိုင်က ကဗျာရေးတာလောက်နဲ့ သုတအတိုအထွာကလေးတွေ စုစည်းရတာကို ပိုပြီးနှစ်သက်လေတော့
စာရှည်ရှည်ရေးတိုင်း အဆင်မပြေမှာကိုလည်း စိုးရိမ်မိတာပါ..။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိလို့တော့
မဟုတ်ပါဘူး..။ ပြီးတော့ ကြည်ဖြူက ဆိုင်တစ်ဖက်နဲ့မို့
ဘလော့ဂ်အတွက်လည်း အချိန်က များများမပေးနိုင်ခဲ့ဘူးလေ..။ ဒါပေမယ့်
ဘလော့ဂ်က ကြည်ဖြူ့ရဲ့ ကမ္ဘာငယ်လေးတစ်ခုပါ။ ဒါကြောင့် ဒီကမ္ဘာလေးအတွက် ကြည်ဖြူအချိန်ပေးပြီး
အမြဲဂရုစိုက်ခဲ့ပါတယ်..။
မေးခွန်းတွေ မဖြေကြည့်ခင်
ပြောပြချင်တဲ့ ကြည်ဖြူ့အကြောင်းလေးတစ်ချို့ကို ဖွင့်ပြပါရစေ..။ ကြည်ဖြူက ငယ်ငယ်လေးတည်းက စကားနည်းပြီး စာဖတ်ဝါသနာပါတဲ့ မိန်းကလေးပါ။ မူလတန်းအရွယ်လေးတုန်းကဆို
မေမေက သိပ်စည်းကမ်းကြီးတော့ ကျောင်းသွားရင်တောင် ပိုက်ဆံပေးမကိုင်တတ်လို့ မုန့်ဖိုးကိုလည်း
တစ်ခြားကလေးတွေလို မသုံးရဘူးပေါ့..။ ကျောင်းသွားတဲ့အခါ အိမ်ကနေ
ထမင်းဗူးနဲ့မုန့်တွေကို တခါတည်း အပြီးထည့်ပေးလိုက်တတ်တယ်လေ..။
ဒီတော့ ရွှေသွေးဝယ်ဖတ်ဖို့ မုန့်ဖိုးလည်း မရှိဘူးပေါ့..။ ဒါကိုသိတဲ့
အတန်းကြီးက ကိုကိုတွေ မမတွေက စာဖတ်ဝါသနာပါတဲ့ ကြည်ဖြူ့ကို သူတို့ဖတ်ပြီးသား ရွှေသွေးလေးတွေ
ပေးဖတ်တဲ့အခါ ၀မ်းသာအားရနဲ့ ထောင့်လေးတစ်ထောင့်မှာ နေရာယူပြီး အကျအနကို ထိုင်ဖတ်တာပေါ့..။ အဲ့ဒီအရွယ်က ကြည်ဖြူက သူငယ်တန်းလေးမို့ စာလုံးတစ်လုံးချင်းစီကို ပေါင်းပြီး
အသေအချာဖတ်ရတာ။ ရွှေသွေးမှာ စာတွေဖတ်ရတဲ့အခါ အရုပ်ကလေးတွေနဲ့ စိတ်ဝင်စားအောင် ပုံဖော်ထားတဲ့အတွက်
ကြည်ဖြူ အရမ်းသဘောကျခဲ့ပါတယ်..။ အဲ့လိုနဲ့.. (၁)တန်းလောက်အရောက်မှာ ရွှေသွေးလေးတွေဖတ်ရာကနေ..
ကာတွန်းစာအုပ်လေးတွေပါ ဖတ်ဖြစ်လာခဲ့တယ်။ နောက်တော့ မေမေကိုယ်တိုင် အိမ်မှာ
လစဉ်ဝယ်ပေးထားတဲ့ ငွေတာရီမဂ္ဂဇင်းတွေကအစ သတင်းစာတွေအဆုံး ဖတ်ဖြစ်တော့တာပဲ။
ဒီလိုနဲ့.. အလယ်တန်းစတက်တဲ့အခါ ကြည်ဖြူ့ကို မေမေက မုန့်ဖိုးစပေးတတ်ပြီ..။ အဲ့ဒီတော့ ကြည်ဖြူက မုန့်ဖိုးလေးတွေ စုပြီး တစ်ပတ်တစ်ခါ ကျောင်းပိတ်ရက်တွေမှာ
အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ မြို့ထဲသွားပြီး ပုံပြင်စာအုပ်လေးတွေနဲ့ စာစီစာကုံး
စာအုပ်လေးတွေကို သွားသွားဝယ်တတ်တယ်..။ ကျောင်းခန်းထဲမှာဆို နေ့ခင်းထမင်းစားပြီးချိန်တွေမှာ
ခရစ်ယာန်သူငယ်ချင်းတစ်ချို့ကိုပုံပြင်လေးတွေထိုင်ပြောပြရတယ်..။ တစ်ခါတစ်လေတော့ တစ်ယောက်တည်း ပြတင်းပေါက်နားမှာနေပြီး ဟိုငေးဒီငေး ကဗျာလေးတွေရေးပေါ့..။ စာတွေများများဖတ်ဖြစ်တဲ့အကျိုးကြောင့် ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲတွေအတွက်
ရွေးချယ်ခံရတယ်..။ ပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရတယ်..။ မေမေ့အတွက် အပြုံးတွေအများကြီး သယ်ဆောင်ပေးနိုင်ခဲ့ပါတယ်..။ ကြည်ဖြူ (၇)တန်းလောက်အရောက်မှာတော့
အချစ်ဝတ္ထုတွေ စဖတ်ပြီ။ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်နဲ့ အတူ ကြည်ဖြူတို့ အရမ်းရင်းနှီးတဲ့
“အန်ကယ်ကြီး စာအုပ်ဆိုင်” မှာ သွားပြီး
အချစ်ဝတ္ထုတွေကို ငှားဖတ်ကြတာပေါ့။ အချစ်ဝတ္ထုမှ အချစ်ဝတ္ထုပဲ ဖြစ်နေတဲ့အချိန်မှာတော့
ဖတ်ဖြစ်တဲ့အချစ်ဝတ္ထုစာရေးဆရာတွေကတော့.. လွန်းထားထား၊ ပုညခင်၊
လမင်းမိုမို၊ နေနွယ်ဇင်မြင့်၊ စောပြည့်မာလာ၊ စောပြည့်ချမ်းသာ.. .. အို .. ရှိသေးတယ်.. အများကြီးပေါ့..
။ သူငယ်ချင်း သုံးယောက်ဆိုတော့လည်း ကိုယ်ငှားတဲ့တစ်အုပ်စာပဲ ကုန်ပြီး
သုံးအုပ်ဖတ်ခွင့်ရနေတော့ အဆင်ကိုပြေနေတာပဲလေ။ ဒါပေမယ့် သူငယ်ချင်းနှစ်ယောက်ကတော့ မပြေရှာဘူးရှင်..။ ဘာလို့ဆိုတော့ စာအုပ်ဆိုင်ထဲဝင်ပြီး စငှားတော့မယ်ဆိုတာနဲ့ ကိုယ်စိတ်ဝင်စားတဲ့
ခေါင်းစဉ်တစ်ခုတွေ့ရင် စာအုပ်ရဲ့ နောက်ဆုံးကို လှန်ကြည့်တတ်တာပဲ။ အကြောင်းရင်းကတော့
အဆုံးသတ် ညားမညားသိချင်လို့လေ..။ ညားတယ်ဆိုတဲ့ စာအုပ်ကို ကြည်ဖြူက
ပြန်ချပါတယ်။ ပြဿနာကတော့ ဒီကစတာပါပဲ..။
“နင်ကတော့ အဆန်းပဲ.. နင်ငှားလိုက်တဲ့ဝတ္ထုတိုင်း ဘယ်တော့မှ အဆုံးသတ်မညားဘူး.. အရသာပျက်လိုက်တာ....နင်ကဘယ်လိုအရသာနဲ့ ငှားတာပါလိမ့်..
ငါတို့တော့ နင်နဲ့ဝတ္ထုငှားဖတ်ရတာ မတန်ဘူး ” လို့
အဲ့လိုသူငယ်ချင်းနှစ်ယောက်က
ကြည်ဖြူ့ကို တစ်ဗျစ်တောက်တောက်နဲ့ မကျေမနပ် မှတ်ချက်ပေးတတ်ကြလေတယ်..။ အင်း.. ဟုတ်တယ်.. ကြည်ဖြူက အဲ့လို အဆုံးသတ်မညားတဲ့ဝတ္ထုကို တကယ်အရသာတွေ့တယ်လို့
ဝန်ခံပါတယ်..။ ကြည်ဖြူ ငှားဖတ်တဲ့ ၀တ္ထုတိုင်းက အဆုံးသတ်မှာ သေကွဲကွဲရတာ
ဟုတ်ရင်ဟုတ်.. မဟုတ်ရင် ရှင်ကွဲကွဲရတာတွေပေါ့..။ အဲ့လိုဝတ္ထုတွေက ကြည်ဖြူ့ရင်ထဲကို တစ်စုံတစ်ရာ ချန်ခဲ့ပေးနိုင်တယ်လို့ ခံစားရတယ်။
အထက်တန်းရောက်တော့ ကျောင်းစာတွေကို
ပိုပြီးဂရုစိုက်ရတော့ ၀တ္ထုတွေဖတ်တဲ့အချိန်ကနည်းသွားပေမယ့် ဖတ်တိုင်း အချစ်ဝတ္ထုပဲ ဖြစ်နေတတ်ပါတယ်..။ (ဒါပေမယ့် ကျောင်းနေစဉ်ရော.. တက္ကသိုလ်တက်တဲ့အချိန်အထိပါ လုံးဝရည်းစားမထားခဲ့ပါ)..။
(၁၀)တန်း ဖြေထားပြီးတဲ့အချိန်မှာ သင်္ကြန်တွင်း သီလရှင်ဝတ်ဖြစ်ပြီး
ပြန်ထွက်ကာစတော့ ဘာမှမဖတ်ဖြစ်ပဲ မေမေ့ဆိုင်မှာပဲ ၀ိုင်းကူခဲ့ရာကနေ ဆရာမဂျူးရဲ့စာအုပ်တစ်အုပ်လက်ဆောင်ရခဲ့ပါတယ်။
အဲ့ဒီကစပြီး ဆရာမရဲ့အရေးအသား၊ အတွေးအခေါ်တွေကို အင်မတန်သဘောကျပြီး ဂျူးစာအုပ်တော်တော်များများ
ဝယ်ဖတ်ဖြစ်ခဲ့တယ်..။ အိမ်မှာဆို ဖိုးဖိုးက ၀တ္ထုဆို မောင်စိန်ဝင်း(ပုတီကုန်း)တို့၊ ချစ်ဦးညိုတို့ကို အရမ်းကြိုက်ပြီး ဖတ်တဲ့အခါဆိုရင်
ဘဘမောင်စိန်ဝင်းတို့ ဘဘချစ်ဦးညိုတို့ဆို အဖိုးကြီးတွေအကြိုက်ပဲ ရေးထားတာဖြစ်မယ်ထင်ပြီး
တစ်ခါမှကို မဖတ်ဖြစ်ခဲ့မိဘူးလေ။ ဒီလိုနဲ့.. တစ်နေ့ မြ၀တီမှာ စာပေဟောပြောပွဲလုပ်တော့
ကြည်ဖြူကိုယ်တိုင် မြ၀တီမှာရှိနေရက်နဲ့ မသိလိုက်မိဘူး..။ ကိုယ့်ကိုယ်ကိုလည်း
မသိရလေခြင်းလို့ စိတ်က ဘ၀င်မကျဖြစ်နေချိန်မှာ အဲ့ဒီပွဲကို တက်ရောက်ခဲ့တဲ့ ဌာနဆိုင်ရာတစ်ခုက
အန်ကယ်ကြီးတစ်ယောက်ကနေပြီးတော့ စာပေဟောပြောပွဲအခွေ လက်ဆောင်လာပေးတဲ့အခါမှာ အရမ်းကိုဝမ်းသာသွားခဲ့တယ်..။ အဲ့ဒီအခွေကို ဆိုင်မှာ အလုပ်ပါးတုန်း အသေအချာထိုင်ကြည့်မိတဲ့အခါမှာတော့ ဘဘမောင်စိန်ဝင်းနဲ့
ဘဘချစ်ဦးညိုတို့ရဲ့ အပြောအဟောတွေကို နားထောင်ပြီး သုတရသနှစ်မျိုးလုံးကြောင့် ဗဟုသုတလေးလည်းရခဲ့သလို
မျက်ရည်ပါကျခဲ့ရပါတယ်..။ နောက်တော့ ဘာသာပြန်စာအုပ်တွေကိုလည်း
အရမ်းသဘောကျတတ်လာပြီး ဆရာကြီးရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ မောင်ထွန်းသူ၊ မောင်ပေါ်ထွန်း၊
မြသန်းတင့်တို့လို ဆရာတွေရဲ့စာအုပ်တွေနဲ့ တစ်ခြားဘာသာပြန်စာအုပ်တော်တော်များများကို
ပိုပြီးဖတ်ဖြစ်လာခဲ့ပါတယ်..။ အဲ့ဒီအချိန်ကစပြီး အချစ်ဝတ္ထုတွေကို
လုံးဝငှားခြင်းဖတ်ခြင်းမပြုတော့သလို ကိုယ်ကြိုက်ပြီဆိုတဲ့ဘာသာပြန်စာအုပ်တွေဆိုရင်တော့
တစ်ခါတည်း ၀ယ်ယူစုဆောင်းတတ်ပါတယ်..။ ဒီလိုနဲ့ ကြည်ဖြူဆိုတဲ့ ကျွန်မဟာ
စာဖတ်ခြင်းကို ရူးသွပ်စွာခုံမင်လာပြီး သိပ်ချစ်တဲ့ စာအုပ်တွေကတော့ ကျွန်မရဲ့အသက်သွေးကြောလိုခွဲမရအောင်
ဖြစ်လာခဲ့ပါတော့တယ်..။
အခုတဂ်ပိုစ့်လေးအတွက် ကြည်ဖြူ့ကို ကမ်းလှမ်းခဲ့တဲ့ သမီးစံ ကို ကျေးဇူးလည်း တင်ပါတယ်..။ ကြည်ဖြူကိုယ်တိုင်လည်း ကိုယ့်ဘလော့ဂ်လေးနဲ့ပတ်သတ်ပြီး
ခုလို ရင်ဖွင့်ခွင့်ရတဲ့အတွက် ၀မ်းလည်းသာပါတယ်..။ ကြည်နူးမှုတစ်မျိုးကိုလည်း
ခံစားမိပါတယ်..။
(၁) သင့်ဘလော့ဂ်လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ.. ဘယ်လိုတည်ထောင်ခဲ့ပါသလဲ?
ကြည်ဖြူက ပထမဆုံး ကဗျာတွေကို facbook မှာပဲ တင်ဖြစ်ပြီး ခံစားချက်တွေကို ဖွင့်ချခဲ့ပါတယ်..။ အဲ့ဒီနောက် နည်းပညာဆိုဒ်ကလေးတစ်ခုမှာ member ၀င်ထားတော့ အဲ့ဒီက သီဟသူဆိုတဲ့အကိုတစ်ယောက်နဲ့ ခင်မင်ရင်းနှီးရင်း သူက
ဆိုဒ်တစ်ခုလုပ်ပြီးရေးဖို့ အကြံပေးပါတယ်..။ အဲ့ဒီအချိန်မှာ ကိုယ်တိုင်က နည်းပညာကို ပါးပါးလေးလောက်ပဲသိပြီး
ဆိုဒ်ဆိုတာကိုလည်း လုပ်မတတ်တော့ သူကိုယ်တိုင် wordpress.com ကနေပြီး ဆိုဒ်တစ်ခုလုပ်ပေးပါတယ်..။ ဒါဟာ ကြည်ဖြူ့အတွက် ပထမဆုံး ဆိုဒ်ကလေးပေါ့..။ အဲ့ဒီ ဆိုဒ်လေးမှာ ကဗျာစတင်ရတဲ့နေ့ကဆိုရင် ကြည်ဖြူ ပျော်လွန်းလို့ အိပ်လို့တောင် မရခဲ့ဘူး..။ အကိုသီဟသူကိုလည်း တော်တော်လေးကျေးဇူးတင်နေမိတယ်ပေါ့ရှင်..။ သူကိုယ်တိုင်ဖန်တီးပေးတဲ့ဆိုဒ်လေးမို့ ကြည်ဖြူကိုယ်တိုင်လည်း ဆိုဒ်တစ်ခုကို
ကောင်းကောင်းလုပ်တတ်အောင် လေ့လာဖို့ပါ လမ်းညွှန်ပေးခဲ့ပါတယ်..။ အဲ့ဒီအချိန်မှာ green ဆိုတဲ့ မောင်ငယ်လေးတစ်ယောက်နဲ့လည်း
မောင်နှမတွေလို အရမ်းရင်းနှီးလေတော့ သူကနေပြီး စာတွေကဗျာတွေများများရေးဖို့ တွန်းအားပေးပါတယ်..။ နောက်တော့ green အကြံပေးတာက wordpress ထက်ကို blogspot ကနေဖွင့်ပြီး သုံးကြည့်ပါလားတဲ့..။ ဒါနဲ့ 11-10-2012 မှာပဲ အကောင့်ဖွင့်ပြီး ရှိပြီးသား templates တွေထဲက တစ်ခုရွေးလို့ ဒီဘလော့ဂ်လေးကို အသက်သွင်းဖြစ်ခဲ့ပါတယ်..။ အဲ့ဒီမှာ green ကနေပြီး templates design တွေကို ရှာပြီး သူကိုယ်တိုင် ပြောင်းပေးခဲ့တယ်..။ ဒီ blog လေးကိုတော့ အစမှာ green နဲ့ နှစ်ယောက်အတူ ဖန်တီးခဲ့တာပေါ့..။ ရုံးနဲ့အလုပ်တွေကြားကပဲ စိတ်ရှည်လက်ရှည်နဲ့ ကူညီပေးခဲ့တဲ့ green ကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်..။ အခုတော့ မအားတဲ့ မောင်ငယ်လေးကို ကိုယ်ကနေပြီး
စာတွေကဗျာတွေများများပြန်ရေးဖို့ ပြန်ပြီးတွန်းအားပေးရမယ့်အနေအထားကို
ရောက်နေလေရဲ့ရှင်..။
(၂) ဘလော့လေးကို ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့ပါသလဲ?
ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်..။ ကိုယ့်ကဗျာတွေကို ဖွင့်ချပြမယ်..။ တိုက်ဆိုင်မှုတွေရှိတဲ့ မည်သူမဆို
ထပ်တူခံစားနိုင်အောင်လို့..။ ကိုယ်သိထားတဲ့ အသိပညာတွေ.. ဗဟုသုတတွေကို မျှဝေမယ်..။ ဆိုဒ်ထဲလာရောက်သူတွေနဲ့အတူ ရင်းနှီးမှုတွေနဲ့
ဗဟုသုတတွေ ဖလှယ်ချင်လို့..။ လူချင်းဘယ်လောက်ဝေးဝေး ကြည်ဖြူတို့တွေဟာ
ဒီဆိုဒ်လေးတွေကနေပြီး အမြဲနီးစပ်နေကြမယ် မဟုတ်လား။ ကိုယ့်ဆီကို အလည်လာပြီး
သုတရသတွေကို မျှဝေခံစားသွားကြမယ်.. ကိုယ်ကအလည်သွားပြီး တဖန်မျှဝေခံစားမယ်.. မြင်သမျှ ဗဟုသုတတွေကို သယ်လာမယ်..။
ကြည်ဖြူ့အနေနဲ့ ရင်းနှီးပြီးသား blogger
တွေအားလုံးဟာ
ကြည်ဖြူ့ရဲ့မိသားတစ်စုလို့ပဲ နှလုံးသွင်းထားပါတယ်..။ ခုချိန်ဆို ကြည်ဖြူ့ရဲ့ ဒီဘလော့ဂ်လေးနဲ့ထပ်တူ
ဒီမိသားစုလေးကို ကြည်ဖြူ တော်တော်ကလေး သံယောဇဉ်အမြစ်တွယ်နေပါပြီရှင်..။
(၃) သင့်ဘလော့လေးအပေါ် ဘယ်လောက်ထိရည်မှန်းထားသလဲ။ ဘလော့လေးအပေါ် ဘယ်လောက်အထိ တန်ဖိုးထားသလဲ?
အင်း.. ကြည်ဖြူ့လက်ချောင်းလေးတွေ
ကီးဘုတ်ပေါ်လှုပ်ရှားနိုင်နေသေးသ၍ ဘလော့ဂ်လေးက အမြဲ update ဖြစ်နေမှာပါ..။ ကြည်ဖြူ့အတွက် ဒီဘလော့ဂ်လေးဟာ
ကမ္ဘာငယ်လေးတစ်ခုမို့ ကြည်ဖြူ အသက်ရှင်နေသ၍တော့ သူလည်းပဲ အသက်ဝင်နေမှာပဲပေါ့..။ သူရဲ့တန်ဖိုးကတော့ ကြည်ဖြူအတွက်
အနှိုင်းမဲ့ပေါ့ရှင်..။
(၅) သင့်ဘလော့လေး ရုတ်တရက်ပျောက်ဆုံးသွားဖူးပါသလား?
ခုထိတော့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကြည်ဖြူကံကောင်းနေပါတယ်..။ တကယ်တော့ ဘလော့ဂ်က ပျောက်တတ်မှန်း အရင်က
မသိခဲ့အောင်ကို ကြည်ဖြူ တုံးပါတယ်..။ နောက်တော့ blog တွေကို hack ခံရတာ.. ပျောက်တာတို့ ကြားတဲ့အခါမှာတော့.. ကြည်ဖြူ နည်းနည်းလန့်လာတယ်..။ ဒါပေမယ့်.. ခုချိန်ထိ ကိုယ်ကတော့ မကြုံဖူးသေးပါဘူး..။ ဘလော့ဂ်သက်တမ်းကလည်း တိုသေးတယ်လို့ပြောရပါမယ်..။ ဒါပေမယ့် ညတိုင်း ဘုရားရှိခိုးပုတီးစိပ်ပြီးရင်
ဆုတောင်းတဲ့ထဲမှာတော့.. ကြည်ဖြူ့ဘလော့ဂ်လေး ဘေးမသီရန်မခ အမြဲထာဝရတည်တံ့ပါစေလို့တော့
ထည့်ဆုတောင်းတတ်မိပါတယ်.. :)
ကြည်ဖြူ့တဂ်ပိုစ့်လေးကို စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့
ကြည်ဖြူ့ရဲ့ ဘလော့ဂ်မောင်နှမ အားလုံးကို
ကြည်ဖြူ့ရဲ့ ဘလော့ဂ်မောင်နှမ အားလုံးကို
အစဉ်ထာဝရ လေးစားလျက်ပါရှင်..။
ကြည်ဖြူခင်ခင်



