Pages

Showing posts with label ကြည်ဖြူခင်ခင်. Show all posts
Showing posts with label ကြည်ဖြူခင်ခင်. Show all posts

Tuesday, May 1, 2012

မီးခိုးရောင်ညည်းချင်းတစ်ပုဒ်



ကျွန်မမှာ မာယာဖြူဖြူ မရှိဘူး ..

ရွှေရည်စိမ်အပြုံး မရှိဘူး ..

စိန်ခြယ်တဲ့အလှတရား မရှိဘူး ..

ပန်းနုရောင်လက်ဖ၀ါး မရှိဘူး ..

ကြည်ပြာရောင်မျက်လုံး မရှိဘူး ..

ခပ်မှိုင်းမှိုင်း မီးခိုးရောင် ကောင်းကင်အောက်မှာ ..

အဆိပ်နက်ပန်းတွေကို ခူးခူးစားရင်း ..

ရင်ဘတ်ထဲကနေ.. လိပ်ပြာတစ်ကောင်ရဲ့ အလှတရားနဲ့ ..

ပန်းတစ်ပွင့်ရဲ့ ၀တ်ရည်လို လှပချိုသင်းတဲ့ ကဗျာတွေကို ..

ညစဉ်အန်ထုတ်ပေးနေသူပေါ့ ..။
  


 < ကြည်ဖြူခင်ခင်  (1-5-2012) >


Wednesday, March 21, 2012

ကျွန်မဘ၀ရဲ့ ၀န်ခံချက်


ဆုံဆည်းခွင့်တစ်ခုရဲ့ အစဟာ နောက်ထပ်တစ်ဖန် ထပ်ခွဲခွာခြင်းအတွက် နိဒါန်းဆိုတာကို ကျွန်မနဲ့ မည်သူမဆို လက်ခံနိုင်အောင် မှန်နေမှာဖြစ်ပေမယ့်လည်း အဲ့ဒီခွဲခွာခြင်းကိုပဲ နှလုံးသွင်းပြီး တုန်လှုပ်နေဖို့အတွက် ကျွန်မရဲ့ အချိန်တွေကို မျှပေးဖို့တော့ မဖြစ်နိုင်ပါ..

ကျွန်မ ချစ်ခင်တဲ့သူတွေူနဲ့  ကောင်းမွန်စွာ တွေ့ဆုံပြီး အဆင်ပြေပြေနဲ့ နွေးထွေးစွာ ဆက်ဆံရင်း ရှင်သန်နေခွင့်ရမယ့် အချိန်တွေကို စနစ်တကျလေးပဲ အသုံးချနေချင်ပါတယ်..။

တကယ်တော့ ကျွန်မဒီအသက်အရွယ်ထိအရောက်မှာ ကျွန်မကို ခွဲခွာတဲ့သူပေါင်း မည်မျှရှိခဲ့လဲဆိုတာကို မှတ်သားခဲ့ခြင်းမရှိသလို မှတ်မိနိုင်တဲ့အနေအထားလည်း မရှိတော့လောက်အောင် များပြားခဲ့တာကတော့ သေချာပါသည်။

လောကကြီးမှာ ကိုယ်က တစ်ပါးသူဆီက ထွက်ခွာလာလိုက် တစ်ပါးသူတွေက ကိုယ့်ဆီက ထွက်ခွာသွားလိုက်နဲ့  တွေ့ကြုံဆုံကွဲနေတဲ့ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ပဲ တစ်နေ့တာများစွာကို မသိသလိုလို သိသလိုလို .. မသိချင်ယောင်ဆောင်သလိုလို.. (အမှန်တော့ ၀မ်းနည်းစရာရှိမယ့်အဖြစ်တွေကို မသိကျိုးကျွံပြုလိုက်ခြင်း) နဲ့ ဖြတ်သန်းနေကြတဲ့ သူတွေကြားမှာ ကျွန်မလည်း ၀မ်းနည်းခြင်းတွေကို မလိုအပ်ပါပဲ အသိစိတ်နဲ့ ခံစားပြီး မျက်ရည်စီးကျနေဖို့လောက်နဲ့တော့ အချိန်တွေကို မဖြုန်းတီးနေချင်တော့ပါ။ ဖီးနစ်ငှက်တစ်ကောင်လို မီးလျှံကို အံတုရင်း ကိုယ်တတ်တဲ့ပညာလေးနဲ့ အသက်မွေးဝမ်းကြောင်းပြုလို့ အကောင်းဆုံးရှင်သန်နေချင်ပါတယ်။

(ခုချိန်ထိတော့ မသိစိတ်တစ်ချို့ကို နားလည်ဖို့ ကြိုးစားရင်း ကျွန်မကတော့ ရင့်ကျက်ခြင်းမှာ တည်ငြိမ်မှု မရသေးကြောင်း ၀န်ခံရပါလိမ့်မယ်)


 

Thursday, February 9, 2012

ဆန္ဒ

!!~~ သိက္ခာရှိတဲ့
လူကြီးလူကောင်းမ 
တစ်ယောက်ထက်.. 
ဘာမာယာမှ အရေမခြုံထားတဲ့ ..
ကဗျာဆရာမလေးပဲ 
ကျွန်မက ဖြစ်ချင်တာ ~~!!

Thursday, January 19, 2012

ကျွန်မနှင့်ဘဝ

လက်ကလေး မလှပေမယ့်
လက်ရေးလှအောင် ရေးတတ်ခဲ့သည်..

ဆရာတော့ မဟုတ်ပေမယ့်
ကဗျာတော့ဖြစ်အောင် ရေးတတ်ခဲ့သည်..

ရုပ်ကလေး မလှပေမယ့်
နှလုံးသားလှအောင် နေတတ်ခဲ့သည်..

ဘ၀လေး မလှပေမယ့်
အတ္တပါးအောင် နေတတ်ခဲ့သည်..

အပြုံးတွေ မွဲပေမယ့်
အမုန်းတွေနည်းအောင် နေတတ်ခဲ့သည်..

အရှုံးတွေ များပေမယ့်
အဆုံးထိရောက်အောင် လှမ်းတတ်ခဲ့သည်..

ဂရုစိုက်သူ မရှိပေမယ့်
အတုပိုက်သူတွေကြား ပျော်တတ်ခဲ့သည်..

အခါခါ လဲပေမယ့်
နာကျင်ရက်နဲ့ ထတတ်ခဲ့သည်..

အကြိမ်ကြိမ် သေခဲ့ပေမယ့်
မျှော်လင့်ချက်နဲ့ ရှင်တတ်ခဲ့သည်..

ဒဏ်ရာများစွာ ပိုင်ခဲ့ပေမယ့်
ကြယ်တာရာများနှင့်အပြိုင် လင်းလက်ချင်သူမှာ
ကြည်ဖြူခင်ခင် ဖြစ်ပါ၏.. .. ..။

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥

♥ Love Poem ♥