Pages

Showing posts with label မေမေသို့ လွမ်းချင်း. Show all posts
Showing posts with label မေမေသို့ လွမ်းချင်း. Show all posts

Monday, June 23, 2014

“အမေ့ရင်ခွင်’’




ပန်းမြိုင်လယ် မာလာထက်

ဆယ်ဖြာစွာ ရနံ့စွက်တဲ့နေရာ..


တောတောင်လယ် စမ်းရေထက်

ရာချီကာ ချမ်းမြတဲ့နေရာ..


ရာသီစုံ မေတ္တာထက်

ထောင်သောင်းမက စစ်လှတဲ့နေရာ..


ပျူငှာဖွယ် အမူရာထက်

သိန်းသန်းတမျှ ကြည်ဖြူတဲ့နေရာ..


ဝမ်းမြောက်ဖွယ် စေတနာထက်

ကဋေကဋာမက လျှံကျတဲ့နေရာ..


ခုနှစ်ရံတံတိုင်း နန်းဝိုင်းထက်

(ကျွန်မအတွက်)

လောကမှာ အလုံခြုံဆုံးနွေးလျတဲ့နေရာ..။


Monday, February 18, 2013

မိုးတစ်အုံ့ အလွမ်း





သိလား.. မိုးတွေအုံ့နေတယ်..
အရင်ဆို.. မိုးခြိမ်းသံတွေကြားတိုင်း
မောင်နှစ်မနှစ်ယောက် အတူပြေးဝင်တဲ့ ရင်ဘတ်လေးကိုလွမ်းတယ်..
သူမ ရင်ဘတ် ဘယ်လောက်သေးသေး.. မောင်နှမနှစ်ယာက်ကတော့ အမြဲဆန့်တာပဲ..
မိုးခြိမ်းသံတွေ ဘယ်လောက်ပြင်းပြင်း.. သူမ ရင်ငွေ့တွေနဲ့ ငြိမ်းတာပါပဲ..
သူမ နဲ့ပတ်သတ်လို့ ကျွန်မမှာ ကဗျာတွေအများကြီးရှိတယ်..
စကားလုံးတွေမထပ်စေရဘူး.. သူမအတွက်ဆို အမြဲသစ်တယ်..
သူမက အပြုံးရှားတယ်.. “နှလုံးလှ”တယ်.. သိပ်မရယ်ဘူး.. “စိတ်ရှည်” တယ်..
စကားနည်းတယ်.. “မပျင်း” ဘူး.. အိမ်မလည်ဘူး.. “စာအုပ်ဖတ်” တယ်..
သူမနဲ့ ကျွန်မကို တူတယ်လို့ပြောရင်.. ကျွန်မ မပျော်ပဲရှိမလား..
ထပ်တူတာတစ်ခု ထပ်ပြောရရင်.. သူမ က နှလုံးသားရေး ကံမကောင်းခဲ့သလို.. ကျွန်မကလည်း .. ကျွန်မကလည်းပေါ့..
ဘာဖြစ်ဖြစ်.. သူမ က ဘ၀ကို အရှုံးမပေးဘူး.. ဆုံးပါးခဲ့တဲ့ ကံကောင်းခြင်းတွေကို လှလှပပ ဇာပနချတယ်..
ပြီး.. ရုန်းရင်း “ဆက်က” တယ်.. သူမက ပြောတယ်.. ဒါ  “ဘ၀”  ပဲတဲ့..
ခု.. မိုးငွေ့တွေ ၀ဲနေတဲ့ ကောင်းကင်နဲ့အပြိုင်.. ကျွန်မ မျက်ဝန်းမှာ မျက်ရည်ငွေ့တွေဝဲနေတယ်..
သူမ က ကျွန်မကို မငိုနဲ့တဲ့..  အဲ့ဒါ အမြဲသူမ ပြောခဲ့ဖူးတယ်..
နားထဲက ဘယ်တော့မှ မထွက်တဲ့ သူမ ရဲ့ စကားတွေက တစ်ခွန်းမက အများကြီးပါ..
ခုဆို.. အရင်လို ခပ်ပါးပါး နှုတ်ခမ်းတစ်စုံနဲ့ ကျွန်မကို စကားမပြောနိုင်တော့ပေမယ့်လို့..
မေတ္တာကြီးတဲ့ မျက်ဝန်းတွေနဲ့တော့ သူမက နေ့တိုင်း ကျွန်မကို စကားပြောပါတယ်.. 


Wednesday, July 4, 2012

ကျိန်စာသင့်အလွမ်း



               
             

              မေမေ 
               
              ဒီတစ်ည ၀င်းပတဲ့လက
              တိမ်တွေဖုံး  တစ်ခြမ်းလုံးပျောက်လို့
              အလင်းတွေ ခပ်နှုံးနှုံးအောက်
              ကြယ်တွေလည်း မပြုံးလေတော့
              ရင်ထဲမှာ ဟာတာတာ
              ညဥ့်နက်လာတာနဲ့ အမျှ
              ဘ၀ခြားသွားတဲ့ မေမေ့ကို
              လွမ်းရင်း ၀မ်းနည်းမိတယ်..။
       
              ဟိုစဉ်ခါဆို အပြုံးချိုချိုနဲ့
              လပြည့်ညကို ပုံပြင်တိုနားထောင်ရင်း
              ကြယ်ရောင်လင်းလင်းအောက်
              မေမေနဲ့အတူ လမ်းလျှောက်လို့
              ညရနံ့အေးအေး ခပ်ဖြေးဖြေးရှူဖူးတော့..
              ရူးမတတ်အလွမ်း စိတ်ကိုလာပြီး လွှမ်းတဲ့
              တိမ်မဲကိုပဲ အပြစ်တင်ရင်ဖြင့်
              ဆိုးတဲ့လူလို့ သမုတ်တဲ့သူတွေကို
              သမီး ဆင်ခြင်ပေးစရာ
              ဒီတစ်သက် ရှိတော့မှာ မဟုတ်တော့ဘူး.. ..

              လွမ်းတယ်.. မေမေရေ လို့
              အသံတွေဆို့နင့်အောင် အော်ရင်း
              အသက်ရှူရပ်မတတ် ညရက်တွေကို
              ကျိန်စာသင့်သူလို ပိုင်ခွင့်ရခဲ့သူက
              မေမေ့ရဲ့ ဒီကလေးမပါ.. ..။ 



                                           
                                            11:59 PM (လပြည့်ည)
              
                       

Sunday, May 13, 2012

မေမေ့အတွက် လွမ်းဆွတ်ခြင်းတစ်နေ့




 
နံနက်ခင်းမှာ ဖြာလင်းလာတဲ့ ရောင်ခြည်နဲ့အပြိုင်
နွေးထွေးနေတတ်တဲ့ မေမေ့ရဲ့နိုးထခြင်းကို မနက်နိုးတိုင်း သမီး သိပ်လွမ်းတယ်..

ညလေညှင်း တသင်းသင်းနဲ့ လရိပ်ရဲ့ အေးမြခြင်းနဲ့အပြိုင်
ချမ်းမြေ့စေတတ်တဲ့ မေမေ့ရဲ့ အပြုံးကို အိပ်ရာဝင်တိုင်း သမီး သိပ်လွမ်းတယ်..

သူငယ်ချင်းတွေက “Mohter’s day” အတွက် သူတို့တွေရဲ့ မေမေတွေကို
ချည်ထည်နွေးနွေး.. ရောင်စုံအသွေး မျိုးစုံ အဖုံဖုံစုံလင်လှတဲ့ လက်ဆောင်တွေနဲ့အထိမ်းအမှတ်ပြုကြတဲ့အခါ..
သမီးကတော့ မေမေ့ ဓါတ်ပုံရှေ့.. အမွှေးတိုင်ထွန်းပြီး မေမေဘုရားသွားကျောင်းတက်တဲ့ ၀တ်စုံကိုပဲ မျက်ရည်ပေါင်းများစွာကျပြီး ကန်တော့နေရပြီ ..

သမီးရဲ့မျက်ရည်တွေ.. မေမေရောက်ရှိနေတဲ့ဘုံဌာနမှာ မေမေပူလောင်မှုမဖြစ်ရစေဖို့ ဘုရားရှင်တော်ထံမှာ အကြိမ်ပေါင်းများစွာ သမီး တောင်းဆုပြုပါတယ် မေမေ..

ကြည်နူးစရာ အကြင်နာစကားပေါင်းများစွာအတွက်..
ရေတွက်မရနိုင်ခဲ့တဲ့ အနမ်းများစွာအတွက် ..
အဖိုးမဖြတ်နိုင်တဲ့ သွန်သင်ဆုံးမမှုပေါင်းများစွာအတွက်..
ဘယ်တော့မှ မဟောင်းနိုင်တဲ့ ချစ်ခြင်းမေတ္တာအတွက်..
ပူလောင်မှုတွေ ကင်းဝေးလှတဲ့ ခိုနားခဲ့ဖူးတဲ့အရိပ်အတွက်..
အပြစ်ပေါင်းများစွာကို မေတ္တာတရားနဲ့ ဆေးကြောပေးခဲ့တဲ့အတွက်..
အမှားပေါင်းစွာကို အကောင်းဆုံးပြုပြင်ပေးခဲ့ဖူးတဲ့အတွက်..
မျက်ရည်ပေါင်းများစွာကို အနူးညံ့ဆုံးသုတ်ပေးခဲ့တဲ့အတွက်..
 “ကျေးဇူးအနန္တပါပဲ မေမေ” ..။

Monday, April 2, 2012

“ လွမ်းရပြီ မေမေ”


လွမ်းရနံ့ ဝေတယ်
ငိုချင်စိတ်ရယ်ပေါ့ တားမရဘူး
ရင်မှာကွယ် ချစ်မ၀အောင်ရူးလို့
မွှေးပျံ့ပျံ့စန္ဒကူးနဲ့
မေမေ့ပါးက သနပ်ခါးကို
ဆို့နင့်နင့် လွမ်းမိသလို တမ်းတတယ်..။


နှိုင်းမရ ပါကွယ်
တစ်ဘ၀မယ်  မေမေသာရှိလို့
ဖြေမနိုင် ဒီရင်မှာ ချုံးကျပြီပေါ့
အဆုံးစမဲ့ မေတ္တာ.. ဂရုဏာနဲ့
ရှိသမျှ အကြင်နာတွေ ပေးခဲ့ရင်း
ကျွန်မအဖြစ်နဲ့ နေ့စွဲအသစ်ကို
နှုတ်မဆက်ပဲ ချန်ရစ်ခဲ့လေတယ်..။

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥

♥ Love Poem ♥