Pages

Saturday, October 22, 2011

အလှစစ် (သို့) အရည်အချင်း

အလှတရားကို မိန်းကလေးတိုင်း လိုချင်ကြသည် …။ မလှချင်သော မိန်းမမရှိ …။ လှပြန်လျှင်ကော မြဲသလားလို့မေးကြည့်စေချင်သည် …။ အချိန်တန်တော့ ရော်ရွက်ဝါလို ဖြော့တော့သွားမှာ ဒီအလှတွေပဲပေါ့ …။ အမှန်တွေကို လက်ခံပြီဆိုရင် သင်ဘာမှ မစဉ်းစားပါနဲ့တော့ … :) 


တကယ်ဆို အဆင်းထက် အချင်းက နောင်ဘယ်ခါမှ မပျက်ပြယ်တော့မယ့် အလှတရားစစ်စစ်ပါ …။ လက်ကလေး နုနုရွရွလေးတွေက ဟင်းရွက်သင်နိုင်ရမည်ပေါ့ …။ အဆင်သင့် ချက်ပြုတ်စရာ စက်ပစ္စည်းတွေ ပေါနေတဲ့ ဒီနေ့ခေတ်မှာ မိန်းကလေးတွေ သက်သာနေပြီလေ … :) 


မိန်းမပီသရေးအတွက် တပင်တပန်း ပြသဖို့ရာ မလိုအပ်ပါဘူး …။ သန့်ရှင်းမှုတွေကို ကြိုက်တတ်ရင် သင်လို မိန်းကလေးတစ်ယောက် အပျင်းမကြီးနိုင်ဘူးလေ …။ လှပတာကို အမှန်တကယ်သာ သင်နှစ်သက်ရင် မှန်ရှေ့မှာ အလှပြင်နေမှာ မဟုတ်ပါဘူး …. အိမ်တွင်းနဲ့ အိမ်ပြင်မှာ.. သင်တစ်ယောက် သန့်ရှင်းရေး ပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေတော့မှာပါ … :) 


သင် အိမ်မှုကိစ္စနိုင်တဲ့ မိန်းကလေးတစ်ယောက်သာ ဖြစ်နေရင်.. အမှန်တကယ် လှပြီလို့ တပ်အပ်ပြောနိုင်ပါတယ် …။ သင်နားနေချိန်မှာ မှန်တစ်ချပ်ရှေ့မှာ ချပြီး ကြည့်လိုက်ပါ … ။ ချွေးလေးစို့နေတဲ့ သင့်မျက်နှာလေးဟာ ကမ္ဘာကျော်အလှဘုရင်မတောင် မြင်ရင် ငိုချင်းချသွားပါလိမ့်မယ်ရှင် … :) 


ချွေးထွက်တဲ့ အရေပြားဟာ ကျန်းမာတတ်ပြီး အသားအရေလေးလဲ ကြည်လင်ဝင်းပသတဲ့ …။ သန့်ရှင်းပြီးသွားတဲ့ အိမ်တွင်းအိမ်ပြင်ကို သင်တစ်ပတ်ပတ်ကြည့်လိုက်တယ်ဆိုရင်ပဲ ပီတိ ဆိုတာ ၀ယ်စရာမလိုမှန်း သင်ပိုသိသွားလိမ့်မယ် …။ ဒါဆိုလျှင်တော့ သင်ဟာ မိန်းမကောင်းပီသပြီဆိုတာကို သင့်ကိုယ်သင် ယုံကြည်နိုင်ပြီလေ … :) 


မိန်းကလေး 98% လောက်ဟာ ပန်းလေးတွေကို မြတ်နိုးတတ်ကြတယ် …။ မိန်းကလေး 70% လောက်ဟာ သူတို့ချစ်တဲ့ ပန်းလေးတွေကို စိုက်ပျိုးတတ်ကြတယ်လေ …။ မိန်းကလေးတွေ စိတ်ညစ်ရင်.. အိမ်လည်အပြင်ထွက်မယ့်အစား ကိုယ်နှစ်သက်တဲ့ ပန်းမျိုးတွေ စိုက်ပျိုးရင် ညစ်ပြီးတဲ့ စိတ်တွေက ပြန်လည် သန့်ရှင်းလာမယ် … ပျော်ရွင်မှုတွေ ပြန်လည် စီးဝင်လာလိမ့်မယ် … :) 


ချစ်သူက စွန့်ပစ်ထားခဲ့ပြီးချိန် ကိုယ်ငိုနေလို့ သူလာမချော့တော့တဲ့အခါ … သူက ကိုယ့်ကို ငိုအောင်လုပ်သူအဖြစ် စာရင်းမှတ်ပြီး ကိုယ့်ကို ရယ်ပြနေတဲ့ ပန်းလေးတွေနဲ့ အဖော်ပြုလိုက်ပါ …။ သင် ပြုံးအောင် သစ်ပင်လေးတွေ ပန်းလေးတွေက လုပ်ပေးနိုင်ပါတယ် …။ စိတ်အတွက် ကောင်းသော ကုထုံးနည်းလေးပေါ့ကွယ် …။ ဒါကို မယုံမရှိပါနဲ့နော် … :) 


တကယ်တော့ မိန်းကလေးတွေဟာ… ပျော်ရွှင်တဲ့အခါ အိမ်မှုကိစ္စတွေကို လုပ်သင့်သလို ၀မ်းနည်းတဲ့ အခါလည်း စိတ်မလွင့်ဖို့အတွက် အိမ်မှုကိစ္စတွေကို လုပ်သင့်ပါတယ် …။ ကိုယ်သန့်ရှင်းလိုက်လို့ လှပသွားတဲ့ အရာတွေကို ပြန်မြင်တွေ့ရင် စိတ်ချမ်းသာလာမှာ အမှန်ပဲ …။ ကိုယ်စိုက်ပျိုးလိုက်ပြီးတဲ့ ပန်းလေးတွေ ဖူးပွင့်လာရင် ကြည်နူးရမှာ အမှန်ပဲမဟုတ်လား … :) 


အလှနဲ့ အရည်ချင်းကို ခွဲခြားနားလည်ပြီး လှတဲ့သူတွေလည်း အရည်ချင်း ရှိဖို့လိုသလို၊ မလှဘူးလို့ ထင်နေတဲ့ မိန်းကလေးတွေလည်း စစ်မှန်တဲ့ အရည်ချင်းတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့လိုပါတယ် …။ အရေပြားပေါ်က အလှဆိုတာ အကာသာဖြစ်ပြီး အရည်အချင်းကတော့ အနှစ်ဖြစ်တယ် …။ မြင်နိုင်တဲ့ အလှတရားဟာ … ပျောက်ပျက်လွယ်ပြီး သိနိုင်တဲ့ အရည်အချင်းကတော့ အသက်ရှင်သမျှ ကာလပတ်လုံး ရှင်သန်နေပါလိမ့်မယ် … :) 


တကယ်ပေါ့ … အရည်အချင်းဆိုတာ အရေပြားပေါ်မှာ မရှိဘူးဆိုတာ … *_*

No comments:

Post a Comment

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥