Pages

Monday, February 18, 2013

မိုးတစ်အုံ့ အလွမ်း





သိလား.. မိုးတွေအုံ့နေတယ်..
အရင်ဆို.. မိုးခြိမ်းသံတွေကြားတိုင်း
မောင်နှစ်မနှစ်ယောက် အတူပြေးဝင်တဲ့ ရင်ဘတ်လေးကိုလွမ်းတယ်..
သူမ ရင်ဘတ် ဘယ်လောက်သေးသေး.. မောင်နှမနှစ်ယာက်ကတော့ အမြဲဆန့်တာပဲ..
မိုးခြိမ်းသံတွေ ဘယ်လောက်ပြင်းပြင်း.. သူမ ရင်ငွေ့တွေနဲ့ ငြိမ်းတာပါပဲ..
သူမ နဲ့ပတ်သတ်လို့ ကျွန်မမှာ ကဗျာတွေအများကြီးရှိတယ်..
စကားလုံးတွေမထပ်စေရဘူး.. သူမအတွက်ဆို အမြဲသစ်တယ်..
သူမက အပြုံးရှားတယ်.. “နှလုံးလှ”တယ်.. သိပ်မရယ်ဘူး.. “စိတ်ရှည်” တယ်..
စကားနည်းတယ်.. “မပျင်း” ဘူး.. အိမ်မလည်ဘူး.. “စာအုပ်ဖတ်” တယ်..
သူမနဲ့ ကျွန်မကို တူတယ်လို့ပြောရင်.. ကျွန်မ မပျော်ပဲရှိမလား..
ထပ်တူတာတစ်ခု ထပ်ပြောရရင်.. သူမ က နှလုံးသားရေး ကံမကောင်းခဲ့သလို.. ကျွန်မကလည်း .. ကျွန်မကလည်းပေါ့..
ဘာဖြစ်ဖြစ်.. သူမ က ဘ၀ကို အရှုံးမပေးဘူး.. ဆုံးပါးခဲ့တဲ့ ကံကောင်းခြင်းတွေကို လှလှပပ ဇာပနချတယ်..
ပြီး.. ရုန်းရင်း “ဆက်က” တယ်.. သူမက ပြောတယ်.. ဒါ  “ဘ၀”  ပဲတဲ့..
ခု.. မိုးငွေ့တွေ ၀ဲနေတဲ့ ကောင်းကင်နဲ့အပြိုင်.. ကျွန်မ မျက်ဝန်းမှာ မျက်ရည်ငွေ့တွေဝဲနေတယ်..
သူမ က ကျွန်မကို မငိုနဲ့တဲ့..  အဲ့ဒါ အမြဲသူမ ပြောခဲ့ဖူးတယ်..
နားထဲက ဘယ်တော့မှ မထွက်တဲ့ သူမ ရဲ့ စကားတွေက တစ်ခွန်းမက အများကြီးပါ..
ခုဆို.. အရင်လို ခပ်ပါးပါး နှုတ်ခမ်းတစ်စုံနဲ့ ကျွန်မကို စကားမပြောနိုင်တော့ပေမယ့်လို့..
မေတ္တာကြီးတဲ့ မျက်ဝန်းတွေနဲ့တော့ သူမက နေ့တိုင်း ကျွန်မကို စကားပြောပါတယ်.. 


7 comments:

  1. ဘယ်လောက်လွမ်းနေမလဲ တမ်းတနေမလဲဆိုတာ မိဘကိုချစ်တဲ့သားသမီးတိုင်း ဒီစာလေးကို ဖတ်ရင် ကိုယ်ချင်းစာရင်း မျက်ရည်ဝဲလာမိမှာပဲ ;(

    ReplyDelete
  2. မ ရေ....ရေးထားတာလေး သိပ်ထိတယ် ရင်ထဲကိုရောက်တယ်ရှင်....
    မေမေသို့လွမ်းချင်းလေးကို ဖတ်ရတာ ရသမြောက်လှသလို့
    အပိုအလိုမရှိကွက်တိကျတဲ့ မ ရင်ထဲက ခံစားချက်တွေကိုလဲ
    သိမြင်ခဲ့ရတယ်....ညလေးလဲ ရင်ဘတ်ထဲ ထဲ့ပြီးဝင်ခံစားခဲ့တယ်ရှင်..
    တကယ်က မ နဲ့ ညလေးနဲ့ စိတ်ချင်းဆက်စပ်နေသလားမသိဘူးးးးး
    ညလေးလဲ ဒီရက်ထဲ မေနဲ့ပတ်သက်တဲ့ စာတစ်ပုဒ်လောက်ဖြစ်ဖြစ်
    ကဗျာတစ်ပုဒ်လောက်ဖြစ်ဖြစ်ရေးချင်နေတာ....မ စာလေးဖတ်ပြီး
    ရင်ထဲ ဘေးမှာရှိနေတဲ့ မေ့ကိုတောင်လွမ်းသွားတယ်...အဲဒါ
    မ က စာရေးကောင်းလို့ဖြစ်မှာ...ဒါမှမဟုတ်...မ ရင်ထဲက
    ခံစားချက်တွေက သိပ်ပြီးအသက်ဝင်လာလို့ဖြစ်မှာ :)))

    ReplyDelete
  3. 'မိုးတစ်အုံ့အလွမ်း'ဟာ တစ်သက်စာအတွက်
    ဆွဲဆန့်သွားစေတယ် ညလေးရေ။
    လွမ်းချင်းလေးဖတ်ရတာ ဆွေးဆွေးမြေ့မြေ့လေးရယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အမေ့ရဲ့ စိတ်ကို ပုံဖေါ်သွားတာ လေးစားဖို့ကောင်းတယ်ဗျ
    တကယ်လည်း စကားလုံးတွေ ရိုးမသွားဘူး ( ရိုးနေတဲ့ စကားလုံးတွေ )သုံးမသွားဘူး။

    ReplyDelete
  5. ညလေးကြည်ဖြူ ကျန်းမာရေးရော ကောင်းရဲ့လား။ ဂရုစိုက်ပါနော်။
    မိခင်ချစ်တဲ့စာသားတွေပေါ်လွင်တယ်။ အစ်မလဲ မေမေ့ကို အရမ်းချစ်တယ်။

    ReplyDelete
  6. အလွမ်းများ သောကများ ကင်းဝေးပါစေ ညီမလေးရေ..

    ReplyDelete
  7. အမေကို လွမ်းတဲ့အကြောင်း ဖွဲ့နွဲ့ထားတာ
    အတုယူစရာကောင်းလွန်းလှပါတယ် ကျွန်တော်တောင်ဖတ်ရင်းနဲ့ အဝေးကိုအမေကို သတိရမိတယ်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥