Pages

Wednesday, August 29, 2012

နောက်ဆို ကျွန်တော် သေချာပါ့မယ်




 “ဒီနေ့ဖေဖေ့အတွက် အလုပ်ကလေးတစ်ခု လုပ်ပေးစမ်းပါ” ဟု အိမ်ထဲသို့ ပြေးဝင်လာသော ရဲရင့်အား သူ့ဖခင်က ခရီးရောက်မဆိုက် ဆီး၍ ပြောဆိုလိုက်သည်။
“အလုပ်ကလေးတစ်ခု.. ဟုတ်လား.. ခုပဲ ကျွန်တော်ကျောင်းက ပြန်ရောက်ကာစ ရှိသေးတယ်.. ဖေဖေက ဆီးခိုင်းနေပြန်ပြီ” ဟု ရဲရင့်က စောဒက တက်လေသည်။
“အို.. ဟုတ်တာပေါ့၊ မင်းခေတ္တအနားယူပြီး စားစရာရှိတာလေးစားပါကွာ.. ပြီးရင်တော့ ဖေဖေအရေးတစ်ကြီး ပြုလုပ်စေချင်တဲ့ အလုပ်ကလေးကိုသာ လုပ်ပေးစမ်းပါ”
“အရေးတကြီးဆိုတော့ ဘာအလုပ်မို့လဲ ဖေဖေရဲ့” ဟု သတိကြီးစွာနှင့် မေးမြန်းလေသည်။
“ဘာအလုပ်လဲဆိုတာ သိရမှာပေါ့.. ခြံထဲက သစ်ပင်တွေရဲ့ သစ်ကိုင်းတွေကို ဖေဖေခုတ်ချထားတာလေးတွေ သစ်ပင်အောက်တွေမှာ ရှိတယ်.. အစိုတွေရော.. အခြောက်တွေရောပဲ သားရေ..  အဲ့ဒါတွေကို သားက ဟိုးခြံနောက်ဖက် လွတ်နေတဲ့ မြေကွက်လပ်ကလေးမှာ အားလုံးစုပုံထားပေးရမယ်.. ဒါတွေကို အားလုံးမီးရှို့ပစ်ရမယ်လေ.. နို့မဟုတ်ရင် ပုပ်စော်နံနေလိမ့်မယ်”
“လတ်စသတ်တော့ ဖေဖေက ကျွန်တော့ကို အမှိုက်ပုံတဲ့ အလုပ်ပေးတာကိုး” ဟု ရဲရင့်က ဖခင်ကို ငေါ့တော့တော့ လှမ်းဆိုလေသည်။
“အေး.. ပြောတဲ့အတိုင်းပါပဲ သားရေ.. သားကသာ သစ်ကိုင်းတွေကို စုပုံထားပေး.. ဖေဖေ့ဘာသာ မီးရှို့ပစ်မှာပါကွာ”
“ဘာဖြစ်ဖြစ် သက်သာတဲ့အလုပ်တော့မဟုတ်ဘူး” ဟု မဲ့ကာရွဲ့ကာဖြင့် ရဲရင့်က ပြန်ပြောလေသည်။
“သားကို အလကားခိုင်းမှာ မဟုတ်ပါဘူးကွာ.. ဖေဖေက သားကိုပိုက်ဆံပေးပါ့မယ်။ ဒီအလုပ်က အခုအပြီးလုပ်ရမယ့် အထူးအလုပ်ဖြစ်လို့ တစ်ခြားလူအနေနဲ့ သားကို လုပ်ခပေးရမှာပဲ။ ဒီအလုပ်အတွက် ဖေဖေက သားကို ငွေသုံးထောင်ပေးမယ်။ ကျေနပ်တယ် မဟုတ်လား” ဟုတ်ခပ်ပြုံးပြုံးနှင့် ပြောလေသည်။
“သုံးထောင်.. ဒါဆို ကျွန်တော်ကျေနပ်ပါတယ် ဖေဖေ။ ဘယ်တော့အလုပ်စရမလဲ.. ပိုက်ဆံကော ဘယ်တော့ပေးမှာလဲ”
“သားအခုအဆင်ပြေရင် စလုပ်လို့ရပြီလေ.. လုပ်ခကတော့ သားအလုပ်ပြီးတဲ့အခါကျရင် ပေးမှာပေါ့။ အလုပ်ပြီးတဲ့အခါသာ ပြီးကြောင်း ဖေဖေ့ကို လာပြော.. ငွေတစ်ခါတည်းရစေရမယ်။ ဒါပေမယ့် သားသတိပြုရမှာက အလုပ်ဟာ ဖြစ်ကတတ်ဆန်းမဟုတ်ပဲ သေသပ်နေရမယ်။ မင်းနားလည်တယ်မဟုတ်လား”
ရဲရင့်သည် သူ့ဖခင်၏ အလိုကို သိရှိပေသည်။ ငွေသုံးထောင်ကို လိုချင်အားကြီးသောကြောင့် ရှေ့သို့ဆက်လက်နားမထောင်တော့ပဲ ခြံထဲသို့ပြေးသွားလေသည်။ တကယ်တမ်း အလုပ်မှာ သူထင်သလို မဟုတ်ဘဲ ပင်ပန်းသောအလုပ်ဖြစ်လေသည်။ ခဏလုပ်ပြီးတာနှင့်ပင် သူ့ခါးက နာကျင်လာလေသည်။ ထို့ကြောင့် သစ်ကိုင်းကြီးများကိုသာ ကောက်၍ သစ်ကိုင်းအငယ်များကို ချန်လှပ်ထားခဲ့ရန် သူစိတ်ကူးရလေသည်။ ထိုသို့သစ်ကိုင်းကြီးများသာကောက်၍ စုပုံသောကြောင့် များမကြာမီ သူ့အလုပ်ပြီးစီးသွားပြီးလျှင အိမ်ထဲသို့ပြန်ဝင်လာကာ သူ့ဖခင်နှင့် တစ်ဖန်စကားပြန်ပြောလေသည်။
“ကျွန်တော်အလုပ်ပြီးခဲ့ပြီ ဖေဖေ”
“ပြီးပြီ.. မြန်လှချည်လား” ဟု သူ့ဖခင်က အံ့သြကြီးစွာ ပြောလေသည်။
“ဟုတ်ပါတယ်ဖေဖေ.. ကျွန်တော်မနားမနေ ကြိုးစားလုပ်ခဲ့တာကြောင့် စောစောပဲပြီးသွားပါတယ်။ ဖေဖေမီးရှို့ဖို့ပဲ လိုတော့တယ်။ ဖေဖေပြောတဲ့အတိုင်း လုပ်ခ သုံးထောင်ကိုသာ ကျွန်တော့ကို ပေးပါတော့”
“ကဲ၊ ဒါဖြင့် ရော့ ဒီမှာ သုံးထောင်။ သား ဖေဖေ့ကို ကူညီတဲ့အတွက် ၀မ်းသာပါတယ်။ ဖေဖေကိုယ်တိုင်လုပ်ရမှာ အားကို မအားနိုင်လို့ပါကွာ”
ရဲရင့်သည် ငွေကို အားရ၀မ်းသာစွာယူ၍ “ကျေးဇူးတင်ပါတယ်..ဖေဖေ” ဟုပြောဆိုပြီး တံခါးပေါက်သို့ ပြေးသွားလေသည်။
အိမ်ပြင်သို့မရောက်မီ သူ့ဖခင်က “ဒါနဲ့.. ရဲရင့်.. နေဦး.. သား။ ဒီငွေသုံးထောင်ဟာ မင်းအလုပ်တွေသေချာမှ မင်းရမယ်ဆိုတာ နားလည်တယ်မဟုတ်လား”
“နားလည်ပါတယ် ဖေဖေ”
“အကယ်၍ မင်းအလုပ်ဟာ မကောင်းရင်.. သေချာပြီးစီးမှုမရှိရင်.. အဲ့ဒီငွေ ဖေဖေ့ကို ပြန်ပေးရမယ်”
“ကောင်းပါပြီ၊ ဖေဖေ” ဟုပြောရင်း စိတ်မလုံစွာဖြင့် အိမ်ပြင်သို့ ပြေးထွက်သွားလေတော့သည်။ တကယ်တမ်းသာ သူသည် အလုပ်ကို ဖခင်ဖြစ်စေချင်သလို အသေအချာလုပ်ကိုင်ခဲ့ပါမူ ယခုလောက်မြန်ဆန်စွာ ပြီးနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
မကြာမီ သူ၏ဖခင်သည် သူကိုယ်တိုင်ခြံထဲသို့ဆင်း၍ ကြည့်ရှုန်ရန် ဆုံးဖြတ်လေသည်။ ထိုဆုံးဖြတ်သည့်အတိုင်း သွားကြည့်ရာ သူစိတ်ပူမိသည့်အတိုင်းပင်တွေ့မြင်လေသည်။ အမှန်တကယ်ရဲရင့်သည် ကောက်ရလွယ်သော သစ်ကိုင်းကြီးများကိုသာ ကောက်၍ပုံထားပြီး သစ်ကိုင်းငယ်များကိုကား ချန်လှပ်ထားခဲ့လေသည်။ ၄င်းတို့မှာ ရှိရင်းအတိုင်း ပြန့်ကျဲနေ၏။
“ရဲရင့်.. ရဲရင့်၊ ခဏလာဦးဟေ့” ဟု ဖခင်က ခပ်ကျယ်ကျယ်အော်ဟစ်လှမ်းခေါ်လိုက်လေသည်။
ခက်ဖွယ်ရယ်ကြုံပြီဟု စဉ်းစားမိသော ရဲရင့်သည် အိမ်နောက်ဘက်မှ ဆင်း၍ လာလေတော့သည်။
“ဘာလဲဖေဖေ.. ဘာဖြစ်လို့လဲ” ဟု မလုံလဲစွာ မေးလေသည်။
“ဖြစ်စရာတွေကတော့ တစ်ပုံကြီးပေါ့။ သစ်ကိုင်းချောင်းတွေ သေချာကောက်ပြီးပုံဖို့ ဖေဖေဟာ မင်းကို ပြောခဲ့တယ်။ သစ်ကိုင်းတွေဆိုတည်းက အသေးရောအကြီးရော ပြောတာ။ ရွေးပြီးကောက်လို့ ဖေဖေ့စကားထဲ တစ်ခွန်းတောင်မပါခဲ့ဘူး။ အလုပ်ကောင်းတယ်.. သေချာတယ်ဆိုပြီး မင်းကို ဖေဖေက ငွေသုံးထောင်ပေးခဲ့တာ။ ဒါပေမယ့် ခုတော့ကြည့်စမ်း၊ ဘယ်မလဲ သေချာမှု။ တစ်ကွက်မှမတွေ့ရဘူး။ သစ်ကိုင်းကြီးတွေပဲကောက်ခဲ့ပြီး အသေးတွေကိုတော့ မင်းဟာ ချန်ခဲ့တယ်။ တကယ်ဆို မင်းက သစ်ကိုင်းတွေကို ကောက်ရုံပဲကောက်ပေးရတာ.. သိပ်ပင်ပန်းကြီးတာမဟုတ်ဘူး.. မင်းဟာ တကယ်တော့ အလုပ်တစ်ဝက်တစ်ပျက်သာ ပြီးစီးခဲ့တာပဲ။ ဒါကြောင့် အစောက ဖေဖေပေးခဲ့တဲ့ ငွေတစ်ဝက်ပြန်ပေးပါ” ဟု ဖခင်က ခပ်တည်တည် ခပ်ပြတ်ပြတ်နဲ့ ပြောလိုက်လေသည်။
ရဲရင့်မနှစ်မြို့သော အရာတစ်ခုမှာ သူ့လက်ထဲရောက်ရှိပြီးသားငွေကို စွန့်လွှတ်ရခြင်းပင်ဖြစ်သည်။ သူ့အားငွေပေးရသည့်အတွက် သူ့ဖခင်၏ငွေစွန့်လွှတ်ရခြင်းကို သူဂရုမစိုက်ခဲ့။ ယခုမှ သူ့လက်ထဲရောက်နေသော ငွေကို စွန့်ရခြင်းသည်သာလျှင် သူ့အတွက် မဟာဒုက္ခကြီးတစ်ခုလို ဖြစ်နေတော့သည်။
“ငွေပြန်ပေးရမယ်.. တစ်ဝက်တိတိတောင် ပြန်ပေးရမယ်.. ဟုတ်လားဖေဖေ။”
“ဟုတ်တယ်.. သား.. မင်းကို ဖေဖေတကယ်ပြောနေတာ။ တစ်ဝက်လုပ်ရင် လုပ်ခတစ်ဝက်စာပဲ မင်းယူရမှာပဲလေ” ဟု ဖခင်က တည်ငြိမ်အေးဆေးစွာ ပြောလေသည်။
ရဲရင့်သည် ၀မ်းနည်းစွာဖြင့် ဘောင်းဘီအိတ်ထဲမှ ငွေကိုထုတ်၍ တစ်ဝက်တိတိကို ဖခင်အား ပြန်ပေးလိုက်ရလေသည်။
ဖခင်က ငွေကိုလှမ်းယူရင်း “ မင်း ဒီငွေကို ပြန်လိုချင်ရင် မင်းရဲ့မပြီးပြတ်မသေချာခဲ့တဲ့ ကျန်နေသေးတဲ့အလုပ်ကို ပြန်ဆက်လုပ်မယ်ဆိုရင်တော့ ဖေဖေပြန်ပေးမယ်.. ဘယ်လိုလဲ” ဟုပြောလေသည်။
ရဲရင့်သည် ၀မ်းနည်းစွာဖြင့် ဖခင်ရှေ့မှ ခေါင်းငုံ့ကာ သစ်ကိုင်းချောင်းတွေကို တစ်ဖန်ပြန်ကောက်ရန် ထွက်သွားလေသည်။ သူသည် ထိုနေ့က ရရှိသည့် သင်ခန်းစာကို မည်သည့်အခါမျှ မမေ့တော့ပေ။ သူသည် ချန်ထားခဲ့သော သစ်ကိုင်းကလေးများကို တစ်ဖန်ကောက်ယူပုံထားပြီးနောက် ပြန်ရခဲ့သော ငွေတစ်ဝက်ကို လက်တွင် ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့ရင်း နောင်မည်သည့်အလုပ်မဆို နှစ်ခါပြန်မလုပ်ရလေအောင် တစ်ခါတည်းနှင့် အသေအချာ လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ လုပ်ခငွေ အပြည့်လိုချင်လျှင် အလုပ်ကိုလည်း မခိုမကပ် ချန်လှပ်ခြင်းမရှိဘဲ တိကျသေချာအောင် လုပ်ရမည်ကိုလည်း သူသိရှိသွားလေတော့သည်။



( ကြည်ဖြူ (၅)တန်းနှစ်က မုန့်ဖိုးနှင့်ဝယ်ခဲ့သော Maxwell ရေးသားသည့် “Children’s Hour” စာအုပ်ကို “လူငယ့်ပုံပြင်များ” အမည်ဖြင့် ဦးသန်းမောင်ဘာသာပြန်ဆိုခဲ့သည့် စာအုပ်မှ ကောက်နုတ်ကိုးကားပြီး အပြင်လောကနှင့်အဆက်အသွယ်နည်းသည့် အွန်လိုင်းပေါ်မှ လူငယ်များ အသိပညာတိုးစေခြင်းငှာ စေတနာဖြင့် ပြန်လည်ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါသည်။)


9 comments:

  1. ဇာတ်လမ်းတိုလေး တစ်ပုဒ်ဆိုပေမဲ့
    မှတ်သားစရာလေးတွေ ပါပါတယ်
    စာလေးတွေကို ဖတ်ရင်း မှတ်သားစရာလေးတွေကိုမှတ်သားသွားပါတယ်နော်

    ReplyDelete
  2. ကောင်းသော post လေးပါဘဲ။ လူငယ်တွေအတွက် သင်္ခန်းစာပေါ့။ တို့ကတော့ ကြီးပြီလေ။ ဒါပေမဲ့လဲ မှတ်သားသွားပါတယ်။း)

    ReplyDelete
  3. ပို့စ်ကောင်းလေးဖတ်သွားတယ်မမရေ....
    ခင်တဲ့..မိုးနတ်

    ReplyDelete
  4. ဟုတ် နောက်ဆို ကျွန်တော်လဲ သေချာပါ့မယ်ဗျ :)

    ReplyDelete
  5. မလိမ္မာနှစ်ခါပမ်းဆိုသလို စောစောထဲကသာ လုပ်ရမဲ့အလုပ်ကို သေချာပြီးပြတ်ခဲ့ရင် စိတ်လည်းမဆင်းရဲရ အချိန်ကုန်လည်း သက်သာတာပေါ့ ညလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. မြတ်နိုးသူ(MUFL)August 30, 2012 at 6:55 PM

    အားပေးသွားပါတယ်နော်

    ReplyDelete
  7. အရမ်းကောင်းတယ် ညလေးချို
    တန်ဖိုးရှိတဲ့ပို့စ်လေးကိုအားပေးသွားတယ်

    ReplyDelete
  8. ပညာတွေရသွားပါတယ်ဗျာ

    ReplyDelete
  9. စဉ်းစားစရာတွေတော်တော်ရလိုက်တယ်။ ကိုယ်စိုက်ပျိုးတာကို ကိုယ်ပြန်ရိတ်သိမ်းရတာပဲလေ။

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥