Pages

Sunday, October 23, 2011

သူရဲကောင်းလို မိန်းမ (သို့) ကျွန်မချစ်တဲ့ မေမေ


     ငယ်စဉ်ကတည်းက သူမဟာ တာဝန်ဆိုတာကိုယူခဲ့ရသူပါ။ မိသားစုမှာ သူမကတော့ ဒုတိယမြောက် သမီးပေါ့။ အစ်မတစ်ယောက်နဲ့ မောင်သုံးယောက်ကြားမှာ တာဝန်ဆိုတာကို ပိုပြီး သိတတ်သူ။ ပိုပြီးလည်း ယူခဲ့ရသူ။ တာဝန်ကိုလည်း ကျေပွန်ခဲ့သူ။ ဖခင်တစ်ယောက်ရဲ့ ရဲလစာလေးနဲ့ မိသားစုလေး လုံလောက်ဖို့အတွက် စည်းစနစ်ရှိရှိ ချွေတာရင်း မိခင်ရဲ့ အပူတွေကို ယူမျှ .. ကူကာမဖို့ ကျောင်းဆက်နေဖို့ မတွေးတော့ပဲ.. ဘ၀ရဲ့ စစ်မြေပြင်ထဲ ခြေဆင်းကာ တိုက်ပွဲဝင်ခဲ့တယ်။ မောင်လေးတွေကို ပညာဆက်သင်စေပြီး အနေလှအောင် ကူညီထောက်ပံ့ခဲ့တယ်။ သူမ ဘ၀မှာအလှဆိုတာမရှိ။ ကိုယ့်အကျိုးအတွက်မဟုတ်တဲ့ အတ္တတွေနဲ့ ဘ၀ကို ရုန်းကန်ခဲ့သူ .. သူမလိုလူဟာ ပြိုင်စံရှားပါ။
     အဲ့ဒီလို သူရဲကောင်းလို ဘ၀မျိုးနဲ့ သူမဟာ အရွယ်တိုင်လို့ လက်ထပ်ချိန်မှာ အမျိုးသားတစ်ဦးနဲ့ ထိမ်းမြှားခဲ့ပါတယ်။ သူမဟာ တာဝန်တွေ သက်သာသွားတဲ့ မိန်းမတစ်ယောက်ဘ၀ကို ရောက်သွားခဲ့တာတော့ မဟုတ်ဘူး။ ဇနီးကောင်းတစ်ယောက်ရဲ့ တာဝန်ကိုပါ ထပ်ရသွားတာပါ။ သမီးဦးလေး မွေးပြီး ဘ၀ကို အားတင်းရုန်းကန် ကြိုးစားရှေ့ဆက်ရင်း အိမ်ထောင်သည် ဇနီးတစ်ယောက်ရဲ့ တာဝန်ကို မကွက်မကွင်း မပျက်ယွင်းစေပဲ အဖက်ဖက်ကနေလည်း တစ်ဖက်တစ်လမ်း စီးပွားရှာကာ မိသားစုအပေါ် တာဝန်ကျေခဲ့သူပါ။ နောက်ထပ် သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက် ထပ်ရချိန်ထိ ရုန်းကန်ရတဲ့ဘ၀က မကျွတ်ခဲ့ပါဘူး။ တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲကို မယိုင်မလဲနဲ့ သူမဟာ ဆင်နွဲခဲ့ရတယ်။ သားသမီးတွေအတွက် အပူအပင်ဆိုတာ ဘာမှ မရှိစေရ။ ပညာဘက်မှာသာ ထူးချွန်အောင်မြင်စေဖို့ အဆုံးအမပေါင်းများစွာနဲ့ တိုက်တွန်းခဲ့သူ မိခင်ကောင်းပါ။ သားသမီးတွေကို လှလှပပလေး ထားရုံတင်မဟုတ်.. တတ်အပ်တဲ့ အိမ်မှုကိစ္စ ဗာရီဟ အကုန်လုံးကိုလည်း သွန်သင်လမ်းပြသူ။ ယဉ်ကျေးသော အမျိုးကောင်းသားသမီးလေးတွေဖြစ်စေဖို့.. တိုးတိုးတိတ်တိတ် ရိုးတိုးရိပ်တိတ်နဲ့ အလိမ်မာသုံးပြီး သင်ကြားပေးသူ။ သားသမီးများကို ကိုယ့်ဘ၀နဲ့ နှိုင်းအပ်လို့ စာနာမှုတွေနဲ့  လမ်းမှန်ကိုညွှန်ပြ ဆိုဆုံးမလို့ ကိုယ်တိုင်ပင် အနစ်နာခံလေသူ။ ဘ၀တစ်ခုရဲ့ ကြမ်းတမ်းမှုတွေကို မဖြတ်လျှောက်ရလေအောင်.. အတတ်ပညာတွေနဲ့ လင်းလက်တောက်ပတဲ့ အနာဂတ် ကြယ်ပွင့်လေးတွေ ဖြစ်အောင်..  သူမဟာ ဖန်ဆင်းပေးခဲ့ပါတယ်။  ကံမကောင်း အကြောင်းမလှလို့ အိမ်ထောင်ကွဲ ပေါင်းမရတဲ့ အခြေနေတစ်ခုမှာတောင် မိန်းမတစ်ယောက်အတွက် ခက်ခဲတဲ့ လမ်းကြောင်းပေါ်မှာ အားမတန်လို့တောင် မာန်မလျှော့ခဲ့သူ သူမရယ်ပါ။ လေထဲမိုးထဲ အသဲအသန် ဘ၀ကို ရုန်းကန်.. အချိန်အခါကို ရွှေလို တန်ဖိုးထားပြီး အိပ်ချိန်စားချိန် နားချိန်ရယ်လို့တောင် မခွဲနိုင်ပဲ..  အမြင်အာရုံမှာ သားသမီးများရဲ့ လှပတဲ့ အနာဂါတ်ကိုသာ ထည့်ပြီး အမြဲပဲ ပြုံးနိုင်ခဲ့သူပါ။ အဲ့ဒီအပြုံးတွေရဲ့ အနာဂတ်မှာ သူမ ကျေနပ်မှုရလိမ့်မယ်လို့ အမြဲပဲ အိမ်မက်မက်ခဲ့သူ။
     သူမဟာ မိခင်အတွက်လည်း သူရဲကောင်း။ ဖခင်အတွက်လည်း သူရဲကောင်းပါ။ မောင်နှမအတွက်လည်း သူရဲကောင်းဖြစ်ခဲ့သလို သားသမီးတွေအတွက်လည်း သူရဲကောင်းပါပဲ။ သူမ ဘ၀မှာ သူမအတွက် ဘာဆိုဘာမျှ မစဉ်းစားခဲ့သူ။ ဘာကိုမှလည်း မတပ်မက်ခဲ့သူ။ သူမ စဉ်းစားခဲ့တာ မိသားစုတွေအတွက်။ သူမတပ်ခက်ခဲ့တာ.. မိသားစုတွေရဲ့ လှပတဲ့ အနာဂါတ်။ သူမအမြဲပဲ တွေးခဲ့တာ.. မိသားစုတွေရဲ့ အပျော်ပဲ။ သူမဟာ စာနာတတ်သူ။ စေတနာကို မေတ္တာတွေနဲ့ ပေါင်းလို့ ရက်ရက်ရောရော ကူညီထောက်ပံ့တတ်သူ။ အကျိုးမရှာပဲ အမျိုးဘာသာ သာသနာအတွက် တစ်ဖက်တစ်လမ်းက ကူညီလုပ်ဆောင်သူ။ ရပ်ရေးရွာရေး သာရေးနာရေး ဘာကိုမျှ မလစ်ဟင်းစေပဲ..  စေတနာထား အချိန်ပေးသူ။ အလှူအတန်းရက်ရောပြီး  သဒ္ဒါတရားထက်သန်သူ။ သူမ လူဖြစ်လာပြီး ပေးဆပ်နေရတာကိုပင် အစဉ်အမြဲ ကျေနပ်နေသူ။ ဘ၀ကို အရိုးသားဆုံး ကျော်ဖြတ်ချင်သူ သူမရယ်ပါ။
     ခုတော့ သူမဘ၀ နေမ၀င်ခင် မိုးချုပ်ခဲ့ရပြီ။ အိပ်ချိန်မမှန် စားချိန်မမှန်တဲ့ဘ၀မှာ သူမပြုံးနေခဲ့တဲ့ အပြုံးတွေက အဆိပ်သင့်ခဲ့လေပြီ။ သူမဘ၀အတွက် သူမတာဝန်တွေ ယူလို့မ၀ခင်မှာ သူမ အနားယူဖို့ အချိန်ကျခဲ့ပြီ။ သူမ ထင်ခဲ့မှာပဲ.. တာဝန်တွေ ကျန်နေခဲ့တယ်လို့။ သူမ ထွက်သက်မကုန်ခင်လေး ချစ်သမီးကို ပြောခဲ့ပါတယ်။ မေမေ မသေနိုင်သေးပါဘူးတဲ့..။ ဒါ သူမရဲ့ မာန်လေး .. ရှိနေတဲ့ မာန်လေးတစ်ခု။ သားသမီးတွေအတွက် တာဝန်တွေကို ယူချင်နေသေးတဲ့ မိခင်တစ်ယောက်ရဲ့ မာန်ပေါ့။ အင်မတန်မှကို စိတ်ဓါတ်ပြင်းပြင်းတွေနဲ့ တာဝန်လေးလေးတွေကို ယူခဲ့တဲ့အလျှောက် နောက်ဆုံးအချိန် ဆိုတာကိုတောင် သူမသိနိုင်ခဲ့ပါဘူး။ ဘ၀အမောတွေကို မနောထဲမှာ သာယာအောင် ပြောင်းလဲဖန်တီးပြီး အကောင်းမြင်စိတ်လေးနဲ့ နှလုံးသားကို သန့ှ်ရှင်းအောင် ထားခဲ့သူ။ သူမလို မိန်းမတစ်ယောက်ကို ဘယ်ပုံဘယ်နည်းနဲ့ ဘယ်နေရာမှာများ ဘယ်အချိန်မှာ ကျွန်မထပ်တွေ့နိုင်ဦးမှာလည်း။ 
     စွန့်စားရဲသူ.. ရဲသလိုလည်း စွန့်စားခဲ့သူ။ သတ္တိရှိသူ.. ရှိသလိုလည်း တိုက်ပွဲဝင်ခဲ့သူ။ လူရယ်လို့ဖြစ်ပြီး ဘ၀ဆိုတာကို စသိတတ်တည်းက လူ့ဘ၀ကို စွန့်လိုက်ချိန်ထိ ကိုယ့်အတွက်ဆို ဘာမှမတွေး တာဝန်ပေးခံရလို့ လူ့ပြည်ရောက်လာရသူလို အရာအားလုံးကို သူမ မလစ်ဟင်းစေခဲ့။ မိသားစုဝင်ကောင်း တစ်ယောက်ရဲ့ တာဝန်.. ဇနီးကောင်းတစ်ယောက်ရဲ့တာဝန်..  မိခင်ကောင်းတစ်ယောက်ရဲ့ တာဝန်.. လူမှုရေးတာဝန်တွေအပြင် သာသနာ့တာဝန်တွေကိုပါ ကျေစေခဲ့သူ။ ဒါပေမယ့်လည်း သူဟာ တာဝန်တွေ မကုန်နိုင်သေးသူလို ထွက်သက်ကို ငြင်းဆန်ရင်းနဲ့ပဲ အရှုံးပေးလိုက်ရပြီ။  အမြဲပဲ အပြုံးနုနုတွေကို ပြုံးတတ်တဲ့ သူမ။ ဘယ်လိုဘ၀၀ဋ်ကြွေးတွေက အင်အားကြီးမားခဲ့သလဲ မသိပါ။ ဘယ်လို အပြစ်ဆိုးမျိုးတွေနဲ့မှ မထိုက်တန်ခဲ့သူပါ။ ဘယ်လိုမျိုးနဲ့မှ မချိမဆန့် မဖြစ်ခဲ့သင့်ပါ။ ဒီလိုမိန်းမတစ်ယောက်ကို စောစီးစွာ မဆွဲခေါ်သွားသင့်ပါ။  ကျွန်မအတွက်ပါရှင်။ ကျွန်မဘ၀ရဲ့ သူရဲကောင်းတစ်ဦး.. သူမဟာ ကျွန်မရဲ့ အလေးစားဆုံး ကျွန်မအချစ်ရဆုံး ကျွန်မရဲ့ မေမေပါ။ ခုတော့ ကျွန်မအလွမ်းဆုံး သူတစ်ယောက်။
     တာဝန်တွေ သူမ ကျေခဲ့ပါတယ်။ ကျွန်မအတွက် သူမဟာ ကြင်နာတတ်လွန်းတဲ့ မိခင်တစ်ယောက်ထက် ပိုခဲ့တယ်လို့ထင်တယ်။ သူမဟာ ကျွန်မအတွက် ဘယ်တော့မှ အရောင်ဖျော့တော့ပြီး မှိတ်သွားမယ့် မီးဇာမဟုတ်ပါဘူး။ အမြဲပဲ ထွန်းလင်းနေမယ့် တော်ဝင်ဆီမီးပါ။ ကျွန်မအတွက်တော့ သူရဲကောင်းလို မိခင်တစ်ဦး..  ဘယ်တော့မှ မကျရှုံးခဲ့ဖူးတဲ့ သူရဲကောင်းတစ်ယောက်ပါ။ အမြဲပဲ အေးချမ်းတဲ့ အပြုံးတွေနဲ့  ပြုံးပြနှစ်သိမ့်တတ်တဲ့ မေမေရဲ့ အပြုံးနုနုတွေအောက် သမီးကောင်းတစ်ယောက်ဖြစ်ဖို့ ကျွန်မအမြဲပဲ ကြိုးစားခဲ့ပါတယ်။ နောင်လည်း ကျွန်မကြိုးစားသွားမှာပါ။ ကျွန်မ လွမ်းတိုင်း ကျတယ့်မျက်ရည်တွေကို မေမေမကြိုက်ဘူးဆိုရင် ဒီပိုစ့်လေးနဲ့ ကျွန်မ တောင်းပန်ပါရစေမေမေ။ မှားတာရှိရင် ခွင့်လွှတ်ခဲ့ပါ မေမေရယ်။ ချစ်စရာလေးတွေကိုလည်း မေမေတွေးပြီး ကျေနပ်ပေးပါ။ တကယ်တာ့ ကျန်နေခဲ့သူတွေရဲ့ ဘ၀ဟာ ပူလောင်လွန်းလှပါတယ်။ မေမေရဲ့ မေတ္တာအေးအေးတွေကိုလည်း အမြဲပဲ ငတ်မွတ်တမ်းတနေရပါတယ်။ မေမေ့လို အမျိုးကောင်းသမီးလေးဖြစ်ဖို့ ကြိုးစားရင်းနဲ့ ကျွန်မရင့်ကျက်လာမယ့်နေ့တွေဆီကို အားမတန်လို့ မာန်လျှော့ရတာမျိုး မဖြစ်စေပဲ ဘ၀လမ်းကို လျှောက်လှမ်းသွားရင်းနဲ့ မေမေ့ကို အမြဲပဲ သတိတရ အစဉ်လေးစားနေမှာပါ မေမေရယ်..။


3 comments:

  1. အမရေ..။

    ကျနော် ဖတ်သွားပါတယ်။ အမ အမေကို မြင်ဖူးချင်တယ်လို့ကျနော်ပြောခဲ့ ပါတယ်.။ အခု အမ အမေပုံလေးတွေ့ရတော့ ကြည်နူးပီတိဖြစ်မိပါတယ်။ လူတိုင်းမှာ သူတို့ မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေ ရှိတယ်တဲ့။ အမ အတွက်တော့ အမ ရဲ့ အမေပေါ့။ လူတစ်ယောက်ရဲ့ လေးစားအပ်မှုဟာ သူရဲ့ တာဝန်ကျေတဲ့စိတ်လေးတစ်ခု နဲ့ သက်ဆိုင်တယ်ဆိုရင် အမ အမေဟာ အမအတွက် တာဝန်ကျေတဲ့သူတစ်ယောက်ပေါ့။ တခြား သူနဲ့ပတ်သက်နေတဲ့ သူတွေ အတွက် တာဝန်ကျေတဲ့သူပေါ့။ ဒါဟာ ကျနောတို့တွေ လေးစားတန်ဖိုးထားအပ်လို့ တကယ်ကို စိတ်ရင်းအမှန် လေးစားစွာနဲ့ ထပ်တူခံစားသွားပါတယ်အမရေ။

    ReplyDelete
  2. ညလေးရဲ့စာသားတွေဟာ မိခင်တိုင်းအတွက် အားဆေးပါ။
    ဘဝခြားသွားခဲ့တဲ့ ကာယကံရှင်ဖြစ်တဲ့ မိခင်အတွက်တော့ ဆိုဖွယ်ရာမရှိဘူးပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အမေ့ကျေးဇူးကို ဆပ်ဖို့ အခွင့်အရေးမရခဲ့ပါဘူး...

    ဒါပေမဲ့ ကျနော်အမေ့ကို ချစ်တယ်ဗျာ။။။

    ခင်မင်စွာဖြင့်
    ညီထွဋ်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥