Pages

Friday, May 25, 2012

ဒေါနတောင်တန်းကပေးတဲ့ ခံစားချက်တစ်ချို့


တောရနံ့ တောင်ရနံ့ ကြားထဲ ပျံ့လွင့်လာတဲ့ မိုးရနံ့လား.. မိုးရနံ့ကြားမှာ တည်ငြိမ်အေးစိမ့်နေတဲ့ တောရနံ့ တောင်ရနံ့လား.. အို.. ဘယ်လိုလေးပဲ ဖြစ်ဖြစ် ဒေါနတောင်တန်းရဲ့ ရနံ့ အားလုံးကို ကျွန်မကတော့ ချစ်သည်..။

ရှုမျှော်ကြည့်သမျှ အရာရာတိုင်းက စိမ်းမြမြနဲ့ လှလို့နေသည်။ ကျွန်မတွေးမိလိုက်ပါရဲ့။ တစ်ချိန်ကတော့ သိပ်သာယာလှပပြီး နှင်းတွေနဲ့ ခမ်းနားတဲ့ ဆွစ်ဇာလန်နိုင်ငံကို ကျွန်မရောက်ဖူးချင်လို့ပေါ့။ တကယ်တော့ ကျွန်မတို့ မသွားနိုင်တဲ့နေရာတွေဆီ အိမ်မက်တစ်ပွေ့တစ်ပိုက်နဲ့ ရင်ထဲထိရိုက်ခတ်တဲ့ စိတ်ကူးတွေက ကိုယ့်စိတ်ကို သိပ်ပင်ပန်းစေပါတယ်။ အလှတရားကို စစ်စစ်မှန်မှန်ခံစားတတ်ရင် ကျွန်မတို့နားမှာလည်း အလှတရားများစွာ ရှိတယ်လေ။ တကယ်ပြောတာနော်..။ ကျွန်မ ဒေါနတောင်ပေါ်ကို ခြေပြန်ချမိခဲ့တယ်ဆိုရင်ပဲ အိုကြည်နူးချမ်းမြေ့လိုက်တာ။ ဒေါနတောင်တန်းကြီးဟာ အဖော်အပေါင်းများစွာနဲ့ ချမ်းမြေ့နေလိုက်တာများ..။ သူ့ကိုကြည့်လိုက်ရင် ဘယ်မှာအထီးကျန်လို့လဲ။ စိမ်းမြမြ သစ်ပင်ကြီးတွေ .. သစ်ပင်ပေါ်တက်တဲ့ နွယ်ပင်ကြီးတွေ။ တစ်ချို့ဆို သစ်ပင်တစ်ပင်လုံးကို နွယ်ပင်တွေတွယ်ကပ်ပြီး ဖုံးလွှမ်းကုန်လို့ နွယ်ရွက်တွေကိုပဲ မြင်ရတော့တယ်.. ဒါပေမယ့် သိပ်လှတယ်။ သဘာဝပေါက်ရောက်နေတဲ့ ငှက်ပျော်ရိုင်းတွေက အရွက်ဖားဖားကြီးတွေနဲ့ ကျယ်ကျယ်ပျံ့ပျံ့နေရာယူပြီး အုပ်စုတစ်စုဖွဲ့ထားသလိုပါပဲ။ မိုးဦးစမို့ ၀ါးရုံပင်အောက်မှာ မျှစ်နုပေါက်စ ဖွံ့ဖွံ့ထွားထွားတွေကို ဟိုတစ်ချောင်း ဒီတစ်ချောင်းမြင်ရသေးပေါ့။ မိုစက်ဖွဲဖွဲအောက်မှာ ကျေးငှက်တွေကတော့ အသံလေးတွေတောင်မထွက်ပဲ.. သစ်ပင်ကြီးတွေအောက်မှာ ငြိမ်သက်စွာခိုလှုံနေကြလိမ့်မည်ဟုပင် ရိုးရိုးရှင်းရှင်းပဲ တွေးပေးမိတယ်။ ဒေါနတောင်ပေါ်မှာ ခြေချဖို့က မလွယ်ဘူးလေ။ ကားတန်းတွေပိတ်.. ကားကြီးတွေ ဂိတ်နေမှ ကျွန်မတို့လည်း ကားပေါ်ကဆင်းပြီး ဒေါနတောင်ကြီးကို အသေအချာ အရသာခံပြီး ရှုရတာလေ။ ဒါဟာ လွယ်တာမဟုတ်ဘူးနော်..။ ခါတိုင်း ခရီးထွက်တိုင်း မူးပြီးအန်တတ်တဲ့ ကျွန်မတောင် ခရီးတစ်လျှောက် မိုးတွေအုံ့လိုက်.. မိုးတွေဖွဲလိုက်.. ခဏနေ.. မြူတွေရှိတဲ့အရပ်ဆီရောက်လိုက်နဲ့  ကားစီးရတာကို တော်တော်ကြီးကိုပျော်နေတာ..။ မူးဖို့တောင်မေ့သွားတယ်။

ပြောရင်း မျက်စိထဲ မြင်ယောင်လာပြန်တော့.. စာရေးနေရတာတောင် အားမရတော့ဘူး.. ။ တကယ့်အလှစစ်ကို ဘယ်ပန်းချီဆရာကမှ မဖန်တီးနိုင်ဘူး.. ဘယ်ကဗျာဆရာမှ မညွှန်းဖွဲ့နိုင်ဘူးလေ..။ ကားလမ်းဘေးတစ်လျှောက် ပေါက်နေတဲ့ စိမ်းမြမြသစ်ရွက်တွေမှာ တွဲလဲခိုနေတဲ့ မိုးရေစက်တွေကို လက်နဲ့ထိကစားတော့ ရင်ထဲထိအေးစိမ့်သွားလို့ ကြည်ကြည်နူးနူးရှိရတယ်..။ တွေ့သမျှ အမြင်လေးတွေကို ကြည်နူးမဆုံးရှိလို့ ကလေးတစ်ယောက်လိုပဲ အပြုံးက မျက်နှာပေါ်ကမကျအောင်ဖြစ်ရင်း ငယ်ငယ်တုန်းကလို ခုန်ပေါက်ပြီး ပြေးဆော့ချင်တော့တာပဲ။ ဘာဖြစ်ဖြစ်.. ဒေါနတောင်တန်းကြီးကို ဒီတိုင်းလေးပဲ အေးချမ်းစေချင်တယ်။ သဘာဝအလှတရားတွေ ပျောက်ပျက်မှာကိုလည်း စိုးရိမ်ပါတယ်။ ခုဆို တစ်ချို့တောင်ကမူတွေဟာ သစ်ပင်တွေဆို တစ်ထွာလောက်တောင် မရှိတော့အောင် ရှင်းလင်းထားတာတွေ့ရပေမယ့်..  တစ်မျိုးလှနေသေးတယ်လေ..။ ဘာစီမံကိန်းတွေအတွက်လည်း မသိပေမယ့်.. ခက်ခက်ခဲခဲ ရှင်းလင်းထားပုံပါပဲ။ အဲ့ဒီတောင်ကမူလေးပေါ်မှာမှ ပျဉ်ထောင်အိမ်ပုလေးကို တွေ့ရတော့.. သဘောကျမိတယ် သိလား။ တောထဲတောင်ထဲမှာ ဒီလိုဖြစ်နိုင်ဖို့ လုပ်ဆောင်ရတာ မလွယ်ပါဘူး။ အို.. ဒီထက်ပိုပြီး သူ့အလှပေါ်အောင် ဘယ်လိုရေးရပါ့..။ သိပ်လှတယ် သိပ်လှတယ်ပေါ့။ ဒေါနတောင်တန်းကြီးတွေမှာ ချောက်ကမ်းပါးတွေကအစ လှတယ်.. သိလား။ ဒီလိုပြောတော့ လာဖူးတဲ့ သူငယ်ချင်းတွေက နှာခေါင်းရှုံ့ကြဦးမှာလား။ သိပ်ကြောက်နေရင် အလှကို ဘယ်ခံစားတတ်တော့မလဲ။ တကယ်လှတာကို သတ္တိရှိရှိ ခံစားတတ်စေချင်တယ်။ လုံးဝကြောက်စရာမရှိပါဘူး။ 


သစ်ပင်တွေရဲ့အလှ.. တောတောင်ရေမြေရဲ့အငွေ့အသက်တွေနဲ့.. မိုးရနံ့တွေ.. နောက် တောင်ကျစမ်းရေသံတွေ ဘယ်လောက် ကြည်နူးချမ်းမြေ့စရာကောင်းအောင် နားဝင်ချိုမှန်း သိစေချင်လိုက်တာ။ ဒေါနတောင်တန်းကြီးမှာ  ခိုနားခွင့်ရတဲ့ ငှက်လေးတွေက သိပ်ကံကောင်းတာပဲ။ ကားတန်းပိတ်လို့ ဒီတောင်တန်းပေါ်မှာ အိပ်ရရင်တောင် မကြောက်မိအောင်ပဲ ဖြစ်နေတဲ့ ကိုယ့်အဖြစ်ကို ပြန်တွေးရင် ရယ်စရာတော့ ကောင်းမှန်းသိပါတယ်။ ဘာဖြစ်ဖြစ် ဒေါနတောင်တန်းကြီးရဲ့ ညှို့ချက်အောက်မှာ ကျွန်မ မိန်းမူးနေခဲ့ဖူးတာကို ကြည်ကြည်နူးနူး တွေးရင်း ကျေနပ်နေမိပါရဲ့။

7 comments:

  1. ဒေါနတောင်တန်းကြီး ကိုတော့ မြန်မာပြည်မှာနေကတဲကသွားချင်ပါတယ် မရောက်ဖြစ်ခဲ့ဘူး ပုံတွေကြည့်ပြီးကျေနပ်ခဲ့ရတယ်
    ဒီပိုစ့်လေးကိုဖတ်ပြီး သွားချင်မိသေးတယ်

    ReplyDelete
  2. ဒေါန အကြောင်းလေးခံစားသွားပါတယ်..

    ReplyDelete
  3. စာတွေဖတ်ဖူးတယ်၊ ကြားဖူးတယ် ဒါပေမယ့် မရောက်ဖူးဘူးခင်ဗျ

    ReplyDelete
  4. တခါမှ မရောက်ဖူးဘူး။ရောက်ဖူးချင်လိုက်တာ

    ReplyDelete
  5. ဒေါနတောင်တန်းကြီးရဲ့ သစ်ရိပ်တွေအောက်မှာ ခိုနားခွင့်ရတဲ့ ငှက်ကလေးတွေ ကံကောင်းသလို
    ဒေါနတောင်ကြီးကို ခြေချဖူးတဲ့ သူတွေကိုလည်း အားကျပါ့ ညလေးရေ။ ဖွဲ့နွဲ့ထားတော့ သွားချင်ပါဘိး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဒေါနတောင်တန်းကြီးကိုရောက်အောင်သွားကြည့်ချင်တယ်ဗျာ...ပျော်ရွှင်ပါစေ....

    ReplyDelete
  7. အိမ်မက်တော့ စိတ်ကူးလေးနဲ့ ဒေါနတောင်တန်းဆီကို ရောက်သွားလိုက်ပြီ။
    ခင်တဲ့
    အိမ်မက်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥