Pages

Saturday, October 22, 2011

အို .. မေမေ

သမီးဘ၀မှာ မေမေသာ ပထမ.. မေမေသာ .. ဒုတိယ
မေမေသာ. အို. ဘယ်အဆင့်မှ
ပေးစရာမလိုအောင် ပြိုင်ဘက်မရှိ 
ထာဝရမေမေပါ
ဒီလောကမှာ သမီးအတွက်မေမေ ရှိနေပါတယ်
ဒီအသိနဲ့ အားရှိခဲ့တယ်
အထီးကျန်တာ ဘာခေါ်တာလဲ ..?
မေမေရှိရင် ပြည့်စုံတယ်
အခက်အခဲဆိုတာတွေကိုလည်းမေမေရဲ့ အကြံဥာဏ် တွေနဲ့
ကျော်လွှားနိုင်ခဲ့တယ်
ဒုက္ခဆိုတာဟာ  မေမေပြောပြောနေတဲ့
မေမေ့ငယ်ဘ၀လေးထဲမှာပေါ့
ပုံပြင်လေးလို နားထောင်ခဲ့ရတယ်
ငိုစရာလား ..!
စတိတ်ရှိုးပေးမကြည့်ခဲ့တဲ့ အခါလေးတွေမှာပဲ ကြုံခဲ့ရဖူးတယ်
ကြေကွဲစရာလား ..?
လက်ထဲက ပန်းကန်လေး လွတ်ကျခဲ့ဖူးတာပဲရှိတယ်
ရင်နာစရာဆိုတာလဲ မကြင်နာခဲ့တဲ့
ဖေဖေ့ကို တွေးမိမှ ဖြစ်တတ်ခဲ့တယ်
မထင်မှတ်ပဲ ကျရောက်ခဲ့တဲ့ အမှောင်ကို
မေမေကပဲ ဖြိုခွင်းပြီး 
တောက်ပတဲ့အလင်းတွေနဲ့ ထွန်းလင်းစေခဲ့တယ်
ဖရိုဖရဲ ပျက်စီးခဲ့တဲ့ အိမ်မက်တွေကိုလည်း 
မေမေကိုယ်တိုင် တစ်စစီလိုက်ကောက်လို့ 
အခမ်းနားဆုံး ဖန်တီးပေးခဲ့တယ်
တစ်ဘ၀မှာ တစ်ခါပဲမှားခဲ့တဲ့ အမှားလေးတစ်ခုကို
မေမေက ထာဝရ ခွင့်လွှတ်ပေးခဲ့ပါတယ်
မေမေရယ်
ပေးဆပ်ခြင်းဆိုတာ မိဘတွေကပဲလုပ်ရမယ့်အလုပ်မှ မဟုတ်တာကို
ကြင်နာမှုကလည်း မိဘမှ ပေးရမှာ မဟုတ်ပါဘူး
တာဝန်ဆိုတာ အလှည့်ရယ်လို့ မဟုတ်ပေမယ့်
သိတတ်မှု ဆိုတာတော့ 
သားကောင်းနဲ့ သမီးရတနာ လေးတွေရဲ့ ရင်မှာ ရှိတတ်စမြဲပါ .. မေမေ
ခု သမီး မေမေ့ကို ဘာတွေပြန်ပေးဆပ်ရမလဲ ..?
ဒီချိန်ဆို မေမေ့ ဘေးကနေ
ကြင်ကြင်နာနာနဲ့ နွေးနွေးထွေးထွေး ဂရုစိုက်ချင်တယ်
တာဝန်ဆိုတဲ့ အဓိပ္ပါယ်ကို သမီးကောင်းကောင်းနားလည်နေပါပြီ
သိတတ်မှုတွေ ရင်မှာရှိနေရက်နဲ့ …. အို
အခွင့်အရေးဆိုတာ စောင့်စားယူရမယ့် အရာလား
ကြိုးစားယူရမယ့် အရာလား
သေချာတာကတော့ သမီးဘ၀မှာ စောင့်ရတဲ့အလုပ်က
စိတ်အပျက်ဆုံးပါ .. မေမေ
ခု အဲ့ဒီစိတ်ပျက်စရာကောင်းတဲ့ အလုပ်ကို
လက်ထဲမှာ ကျစ်ကျစ်ဆုပ်လို့ ရင်နာနာနဲ့
မျက်ရည်တွေ ကျနေရပါတယ်
နှစ်ပေါင်းများစွာ ဝေးနေခဲ့တဲ့ ဖေဖေ့ ကို မလွမ်းဖူးခဲ့ပေမယ့်
ရက်ပိုင်းလေးနဲ့ ခွဲခွာလိုက်ရတဲ့ မေမေ့ကို သိပ်လွမ်းတယ်မေမေ
အသဲပေါက်မတတ်ချစ်တဲ့မေမေ့ကို
ခန္ဓာကိုယ်တွေ ပျော့ခွေသွားတဲ့အထိ ငိုကြွေးရင်းနဲ့ မူးမေ့ခဲ့ရပေမယ့်
ကံကြမ္မာကတော့
ကြည့်ကောင်းကောင်းနဲ့ ကြည့်နေခဲ့တုန်းပါပဲ
မေမေရယ်
သမီးအတွက် နှစ်ပေါင်းများစွာထိ ရှိနေပေးပါဦး
တာဝန်တွေအတွက် မဟုတ်ဖူး .. မေမေ
အကြံဥာဏ်တွေ အတွက် .. အကြင်နာတွေအတွက်
သမီးနဲ့တူတူ ရယ်ရယ်မောမော ထမင်းတူတူထိုင်စားဖို့အတွက်
ငြိမ်းချမ်းစွာနဲ့ ကုသိုလ်တွေ တူတူပြုဖို့အတွက်
ညအိပ်ရာဝင်တိုင်း မေမေ့ရဲ့ ဆုံးမစကားတွေနဲ့ အားပေးမှုတွေ
ခံယူဖို့အတွက် …. အို
အရာအားလုံးအတွက် .. သမီးတစ်ဘ၀လုံးအတွက်
မေမေ ရှိနေပေးပါတော့ .. မေမေရယ် ……..။

No comments:

Post a Comment

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥