Pages
Friday, October 21, 2011
သူဌေးဖေဖေပြောတဲ့ ချမ်းသာရေးနည်းလမ်းကောင်း
     ကျွန်မ ဒီpostလေးကို ရေးချင်တဲ့စိတ်တွေက တဖွားဖွား ပေါ်နေခဲ့ပါတယ်..။ ဒီpost လေးကို ရေးဖြစ်ရခြင်း ကလည်း  ကျွန်မ ဒီနေ့ဖတ်လိုက်ရတဲ့  Robert T-Kiyosaki  ရေးသားတဲ့ “ Rich Dad's - RETIER YOUNG , RETIER RICH ”ဆိုတဲ့ စာအုပ်လေးကြောင့်ပဲ ဖြစ်ပါတယ်..။ ထိုစာအုပ်ကို  “ သူဌေးဖေဖေ သင်ပေးတဲ့ အငြိမ်းစားလူငယ်၊ အငြိမ်းစားသူကြွယ် ” ဆိုပြီး  ညီညီနိုင်က ဘာသာပြန်ဆို ရေးသားခဲ့တယ်..။
   ဆိုလိုချင်တာကတော့ရှင်.. လူတိုင်းချမ်းသာချင်ကြတာပါပဲ။ ချမ်းသာချင်တဲ့ သူတစ်ယောက်မှာ တကယ်ချမ်းသာချင်စိတ်ရှိဖို့ရယ်.. မလျှော့တဲ့ဇွဲတွေနဲ့ ကြိုးစားချင်စိတ်ရှိဖို့ရယ် လိုအပ်ပါတယ်။ ဒါ့အပြင် နောက်ထပ် အရေးကြီးဆုံးစကားကတော့ “ တွန်းကန်အား ” ပဲ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ .. “ တွန်းကန်အားဟာ လူတွေ ချမ်းသာခြင်း၊ မချမ်းသာခြင်းရဲ့ အကြောင်းရင်းတစ်ခုလို့ ဆိုနိုင်တယ် ” တဲ့။
   တွန်းကန်အားပဲပြောပြော.. မောင်းနှင်အားပဲဆိုဆို “ အား ” ဆိုတာ အစွမ်းထက်တဲ့ တန်ခိုးအာနိသင်ပဲ ဖြစ်ပြီး၊ အဲ့ဒီ တန်ခိုးအာနိသင်ဟာ လူတိုင်းစိတ်တိုင်းကျ အကျိုးပြုနိုင်သလို.. ဆန့်ကျင်ဘက် သက်ရောက်မှုလည်း ပေးနိုင်ပါတယ်။ အဲ့သလောက် တန်ခိုးကြီးတဲ့ တွန်းကန်အားကို တစ်ချို့က အချိန်အဆမှန်မှန်ကန်ကန် အသုံးချတယ်။ တစ်ချို့က နားလည်မှုမှားပြီး တလွဲသုံးတယ်။ တစ်ချို့ကျတော့ အသုံးချရမှာကို ကြောက်တယ်..။
   သူဌေးဖေဖေက ပြောတယ်လေ.. “ တို့ အမေရိကန်အားလုံးရဲ့ ငါးရာခိုင်နှုန်း နီးပါးသာ တကယ်ချမ်းသာကြတာဟာ အဲ့ဒီ ငါးရာခိုင်နှုန်းသော လူတွေလောက်ပဲ တွန်းကန်အားရဲ့ အစွမ်းကို အသုံးဝင်မှန်း သိတာကြောင့်ပေါ့။ လူအတော်များများ ချမ်းသာချင်ကြပါလျက်နှင့် ချမ်းသာခွင့်မရတာဟာ တွန်းကန်အားကို အမှားသုံးလို့ပဲ ..။ ဒါ့အပြင် အများစု မချမ်းသာကြတာကတော့ တွန်းကန်အားရဲ့ ထက်မြက်မှုကို ကြောက်ရွံ့ကြတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ် ” တဲ့..။  ဒီအဆိုပြုချက်တွေကိုကျွန် သဘောကျမိတယ်။
   တွန်းကန်အားမှာလည်း ပုံစံအမျိုးမျိုးရှိတယ်လို့ သူက ဆိုပြန်တယ်။ သိသာလွယ်တဲ့ ပုံစံတစ်ရပ်ကတော့ ငွေချေးခြင်းဆိုင်ရာ တွန်းကန်အားပါပဲ။ ဒီတန်ခိုးထက်လှတဲ့ တွန်းကန်အားကို သဘောမပေါက်ပဲ အပြစ်တင် အလွဲသုံးမိကြတာဟာ ဒီနေ့ခေတ် လူသားတွေရဲ့ နက်ရှိုင်းတဲ့ ပြသနာကြီးလို့ ဆိုရမယ်။ သန်းပေါင်းများစွာသောလူတွေ ငွေကြေးအခက်အခဲ ကြုံရတာဟာ အကြွေးယူခြင်း တွန်းကန်အားရဲ့ အကျိုးအာနိသင်ကို ဆန့်ကျင်မိကြလို့ပဲ ဖြစ်ပါတယ်။ အကြွေးရဲ့ တွန်းကန်အားကို နားလည်မှုလွဲခဲ့တဲ့ အကျိုးဆက်ကတော့ အကြွေးယူရမှာ ကြောက်ကုန်ကြတာပါပဲ..။
  လူအများစုက ကြွေးတင်ကျွန်ဖြစ် နွံနစ်နေကြတဲ့ တစ်ချိန်တည်းမှာ ကျန်တဲ့လူ အတော်များများကလည်း ကြွေးယူရမှာ ကြောက်နေကြပြီး ကြွေးဝယ်ခွင့် ခရက်ဒစ်ကတ်တွေ ပြန်အပ်၊ အပေါင်အနှံထားတာတွေ ပြန်ရွေး၊ အကြွေးကင်းအောင်လုပ်ပြီး ရှိတာနှင့် ဒုက္ခခံကာ  “ တို့မှာ ဘာအကြွေးမှ မရှိဘူး.. ကြွေးကင်းတယ်ကွ ” လို့ လက်မထောင်ဖို့ ကြိုးစားနေကြတယ်။ ဒါကြောင့် သိထားရမယ့် အဓိကအရေးကြီးတဲ့ အချက်က အကြွေးစနစ်ကို ကိုယ်က အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုတာပါပဲ။ ဒီနေရာမှာ ယူသင့်တဲ့ အကြွေးနဲ့ မယူသင့်တဲ့ အကြွေးအကြောင်း သိထားရမယ်။ ယူသင့်ယူထိုက်တဲ့ အကြွေးက လူတွေကို ချမ်းသာအောင် လုပ်ပေးမှာ ဖြစ်ပြီး၊ မယူသင့်တဲ့ အကြွေးတွေကတော့ ဆင်းရဲမွဲတေစေမှာ မုချပဲ..။  
           ထိုစာအုပ်လေးမှာ ရောဘတ်ကီယိုဆာကီ နဲ့ သူ၏ ဇနီး ကင်တို့ နှစ်ယောက်လုံး ငယ်ငယ်ရွယ်ရွယ်နှင့် ချမ်းချမ်းသာသာ အလုပ်နားခွင့်ရတာဟာ အကြွေးတွေ တနင့်တပိုး ယူခဲ့ကြလို့သာ ဖြစ်ပါတယ်တဲ့ရှင်။ ဒါပေမယ့် ယူသင့်ယူထိုက်တဲ့ အကြွေးတွေဖြစ်ပြီး၊ သူတို့ကို ချမ်းသာအောင် လုပ်ပေးခဲ့ရုံမက ငွေကြေးသောကကိုလည်း ကင်းဝေးစေခဲ့ပါတယ်။ တနည်းပြောရရင် သူတို့ဟာ တွန်းကန်အားရဲ့ တန်ခိုးစွမ်းအင်ကို ချိန်ဆ အသုံးချခဲ့လို့ပါပဲ။ ထပ်ပြီးတော့ သူတို့ပြောတာက.. “ ကျွန်တော်တို့ဟာ ဒီတွန်းကန်အားရဲ့ တန်ခိုးစွမ်းအင်ကို တလွဲမသုံးခဲ့သလို.. သုံးရမှာကိုလည်း မကြောက်ခဲ့လို့ပါပဲ ” တဲ့..။
       စိတ်ရဲ့တွန်းကန်အားနဲ့ အချိန်အဆကို ထပ်ပြီး ဖော်ပြချင်ပါတယ်။ ဒီကဏ္ဍမှာ ငွေချည်းသက်သက်က ဘာကြောင့် ချမ်းသာအောင် မလုပ်နိုင်တဲ့အကြောင်းကို တွေ့ရပါလိမ့်မယ်။ ဒီ့အပြင် ကမ္ဘာပေါ်မှာ ရှိသမျှ စွမ်းအားတွေအနက် တန်ခိုးအကြီးဆုံးဟာ “ စိတ် ” ပဲ ဖြစ်ပြီး၊ ချမ်းသာအောင်လုပ်နိုင်တာလည်း ဒီ “ စိတ် ”၊ ဆင်းရဲအောင် လုပ်နိုင်တာလည်း ဒီ “ စိတ် ” ဆိုတာပါပဲ။ လူတွေဟာ သူ့ရဲ့ ဦးနှောက်ထဲက အသိဥာဏ်နှင့် စိတ်ရဲ့ ပြဋ္ဌာန်းချက်အလျောက် ကြီးပွားတိုးတက်၊ ဆုတ်ယုတ်ကျဆင်းရတယ်ဆိုတာကို  ဒီကဏ္ဍမှာ ရှင်းပြထားပါတယ်..။
     သူဌေးဖေဖေ အမြဲပြောတာက .. “ စကားလုံးတွေဟာ တွန်းကန်အားပဲ။ စကားလုံးတွေဟာ အစွမ်းထက်တဲ့ လက်နက်ကိရိယာပဲ။ ဦးနှောက်အတွက်လိုအပ်တဲ့ လက်နက်ကိရိယာတွေပဲပေါ့။  အကြွေးယူတာဟာ မင်းကို ချမ်းသာမှု (သို့မဟုတ်) ဆင်းရဲမှု ပေးနိုင်သလို စကားလုံးတွေကလည်း ချမ်းသာအောင် (ဒါမှမဟုတ်) ဆင်းရဲအောင် လုပ်နိုင်တယ် ” တဲ့..။
   ဒီအပိုင်းမှာ လူချမ်းသာတွေ သုံးစွဲတဲ့ စကားလုံးနဲ့ ဆင်းရဲသားတွေ သုံးစွဲတဲ့ စကားလုံး မတူခြားနားကြတာနှင့်အမျှ၊ စကားလုံးရဲ့ အစွမ်းတန်ခိုးတွေကိုလည်း သိထားရပါမယ်။ သူဌေးက သူဌေးစကားပြောမယ်။ ဆင်းရဲသားက ဆင်းရဲသားစကား ပြောမယ်။ သူဌေးဖေဖေက ထပ်ပြောသေးတယ်.. “ မင်းဦးနှောက်ဟာ မင်းကိုယ်ရဲ့ အစွမ်းအထက်ဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်တာနှင့်အမျှ အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ရတယ်။ မင်းဦးနှောက်ထဲမှာ မှန်တဲ့စကားလုံးကို ထည့်သုံးရင် အရမ်း ချမ်းသာသွားမှာပဲ။ အဲ.. စကားလုံးမှားသွားရင်တော့ ဆင်းရဲအောင် လုပ်လိမ့်မယ်ဆိုတာပဲ..။
    ငွေကို ငွေနဲ့ ချူရုံသက်သက်သာ မဟုတ်ဘူး။ စကားလုံးတွေနဲ့လည်း ချူရလိမ့်မယ်။ ချမ်းသာခြင်းရဲ့ အစဟာအားရှိတဲ့ စကားလုံးတွေသာဖြစ်ပါတယ်။ သူဌေးဖေဖေ ပြောတတ်တဲ့  နောက်စကားကတော့  “ ငါမတတ်နိုင်ဘူး လို့ ဘယ်တော့မှ မပြောနဲ့ ။ ငါတော့ တတ်နိုင်မှာ မဟုတ်ပါဘူးကွာ ဆိုတဲ့ စကားကို သူဌေးတွေထက် ဆင်းရဲသားတွေက ပိုသုံးတတ်တယ်ကွ။ ဒီလို အခြေခံစကားလုံး ကွာခြားတာနဲ့ သူတို့ဘ၀တွေလည်း ခြားနားသွားကြတာပဲ ” တဲ့။ ဒါဟာ သိပ်မှန်ပါတယ်ရှင်။ အချုပ်ဆိုရရင်တော့ ချမ်းသာချင်သူ တစ်ယောက်က ကြီးပွားတိုးတက်ပြီး ချမ်းသာအောင် ငွေကိုငွေနှင့်သာ တိုးပွားအောင်လုပ်ဖို့ အဓိကသက်သက် မဟုတ်ပဲ.. စွမ်းအားရှိတဲ့ စကားလုံးတွေကလည်း လူတစ်ယောက်ဘ၀ကို ချမ်းသာ မြင့်မြတ်သွားအောင် ဆောင်ကြဉ်းပေးနိုင်တယ် ဆိုတာပါပဲ..။
  နောက်တစ်ခုကတော့ ရင်းနှီးမြှုပ်နှံမှုဟာ စွန့်စားခြင်းမဟုတ်ကြောင်း တင်ပြချင်ပါတယ်။ “ ငွေရင်းမြှုပ်နှံမှုဟာ စွန့်စားခြင်းပဲ ” လို့ ပြောခဲ့ကြတဲ့ လူတွေဟာ ငွေမြှုပ်လုပ်ရတဲ့ ဈေးကွက်တစ်ချို့မှာ ၀က်ဝက်ကွဲရှုံးတဲ့ အရှုံးသမားတွေ ဘာကြောင့် ဖြစ်ရသလဲဆိုတာ ထိုစာအုပ်လေးမှာ အဖြေထုတ်ပေးခဲ့ပါတယ်။ ဒီအချက်ကလည်း စကားလုံးတွေနဲ့ ပတ်သတ်နေပြန်ပါတယ်။ အတွေးမှန်မှ ရလာဒ်ကလည်း မှန်ပါလိမ့်မယ်။  စွန့်စားရတဲ့ ရင်းနှီးမြှပ်နှံမှုလို့ ဆိုတာနဲ့ မ၀ံမရဲ တွန့်ဆုတ်ဆုတ် သွားလုပ်မိရင် ရလာဒ်ကောင်း ထွက်လာမှာ မဟုတ်တော့ပါဘူး။ စင်စစ်တော့ ရင်းနှီးမြှုပ်နှံရာမှာ သည်းတထိတ်ထိတ်နှင့် စွန့်စားရတာ မဟုတ်ပါဘူး။ အဲ့သလို မဟုတ်အောင်လည်း စိတ်ချရတဲ့ အာမခံချက်၊ ကြီးမားတဲ့ အကျိုးအမြတ် ဆိုတာတွေကို အပိုင်တွက်နိုင်ဖို့ စိုးရိမ်စိတ်ရယ်၊ လွဲမှားတဲ့ စကားတွေရယ်ကို အရင်ဖယ်ထုတ် ပြောင်းပြစ်ရပါမယ်။ စွန့်မှ စားရမယ်။ ရင်းမှ မြတ်မယ်။ ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ် ဆိုသလိုပေါ့။
          ငယ်ငယ်ရွယ်ရွယ်နဲ့ သူကြွယ်ကြီး ဖြစ်ပြီး အငြိမ့်သား ထိုင်စားချင်တယ် ဆိုရင်တော့ ဦးနှောက်ဥာဏ်ရဲ့ ထက်မြက်တဲ့ စွမ်းအားတွေကို အသုံးချရမှာပဲ။ ဦးနှောက်အားက ကိုယ့်ကို ဆန့်ကျင်ဖောက်ပြန်ရာ မရောက်အောင် သတိထားဖို့ လိုပါတယ်။ သူဌေးဖေဖေကပြောဖူးတယ်.. “ လူအများစုဟာ ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး ဦးနှောက်နဲ့ သူတို့ကိုယ်သူတို့ ဆင်းရဲအောင် လုပ်နေကြတာပဲ။ “ ငါမတတ်နိုင်ဘူး ”  “ ငါလုပ်နိုင်မယ် မထင်ဘူး ”  “ ငွေရင်းမြှုပ်နှံမှုဟာ စွန့်စားခန်းကြီးပဲ ”  “ ငါတစ်သက်လုံး ချမ်းသာမှာ မဟုတ်တော့ပါဘူး ” စသဖြင့် စကားလုံးတွေနဲ့ သူတို့ရဲ့ စွမ်းအားကို အသုံးမချပဲ အလဟသ ဖြုန်းတီးပစ်လိုက်ကြတယ်။ ကိုယ့်အစွမ်း ကိုယ်မယုံတဲ့အပြင် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်းနဲ့ ကိုယ့်ဘ၀ကို ဖျက်ဆီးပစ်လိုက်ကြတယ် ဆိုရမယ် ” တဲ့။ တကယ်ဆို သူဆိုလိုချင်တာက လူသားတိုင်း ကိုယ့်ဦးနှောက်နဲ့ စိတ်ဓါတ်အင်အားကို  ချိန်ဆသုံးတတ်ရမယ်။ ဒါမှ အရွယ်မတိုင်ခင် ချမ်းသာပြည့်စုံခြင်းကို ရရှိပိုင်ဆိုင်နိုင်မယ်ပေါ့ရှင်..။
    ကျွန်မ ဒီ post လေးကို တင်ပြချင်တဲ့ အဓိကအချက်ကတော့ ချမ်းသာချင်တဲ့စိတ်သာရှိပြီး.. ချမ်းသာအောင်လုပ်ဖို့ ဘယ်လို အဓိကကျတဲ့ အချက်တွေက အရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြချင်တာပါပဲ.။ ထီမထိုးပဲ ထီပေါက်ချင်တယ်လို့ အော်နေတဲ့သူတွေ အများအပြားရှိပါတယ်။ သူ့မှာ ပေါက်ဖို့ကံပါရင်တောင် သူထီပေါက်မှာ မဟုတ်ပါဘူး။ သူမှ မထိုးထားပဲ။ နောက်တစ်ချက်က ချမ်းသာဖို့ ဘာမဆိုလုပ်ရဲတဲ့ သတ္တိရှိတယ်ဆိုပြီး .. တရားမ၀င်တဲ့ နည်းလမ်းတွေနဲ့ ချမ်းသာအောင်လုပ်ဖို့ စဉ်းစားရင်လည်း ဒီချမ်းသာမှုက မတရားသော နည်းလမ်းနဲ့မို့ ရေရှည်ခံမှာလည်း မဟုတ်ပါဘူး။ ဘယ်သူမှလည်း သူ့ချမ်းသာမှုကို အားကျလေးစားမှာ မဟုတ်တဲ့အပြင် နာမည်ဆိုး တစ်လုံးသာ ကျော်ကြားသွားမှာပါ..။  ချမ်းသာအောင် လုပ်ရာမှာ အစွမ်းထက်တဲ့ စကားလုံးတွေကလည်း အရေးပါတယ်ဆိုပြီး.. မုသာဝါဒအစချီလို့.. မဟုတ်မတရားပြောဆိုပြီး လိမ်လည်လှည့်ဖျားရမယ်လို့ မဆိုလိုဘူး။ အချိန်အခါအလိုက် သင့်တင့်လျှောက်ပတ်တဲ့ စကားလုံးများကို ဥာဏ်ရှိသလို အသုံးတည့်အောင် ပြောဆိုတတ်ဖို့နဲ့.. ကိုယ်ပြောမယ့် စကားကိုလည်း ရဲရဲဝံ့ဝံ့နဲ့ ပြောရဲဆိုရဲရပါမယ်။
         ချမ်းသာစည်းစိမ် ရရှိချင်တဲ့ ဆန္ဒရယ်.. သတ္ထိရှိတဲ့.. စိတ်ရဲ့ “ တွန်းကန်အား ” ကို ချိန်ဆတတ်ဖို့ရယ်.. အစွမ်းရှိတဲ့ စကားလုံးတွေကို မိမိရရ အသုံးချတတ်ဖို့ရယ် ဟာ ကိုယ့်ဘ၀ရဲ့ ချမ်းသာခြင်းလမ်းစဉ်အတွက် အလွန်အရေးပါတဲ့ အဓိကအချက်များပင်ဖြစ်ကြောင်း၊ ဒီအချက်လေးတွေကို သေသေချာချာ ဂရုပြုလို့ ဦးနှောက်ဥာဏ်အားကို ထိထိမိမိအသုံးချတတ်နိုင်ကြပြီး သင်တို့ဘ၀မှာ အလိုရှိတဲ့ ချမ်းသာစည်းစိမ်ကို မလွဲမသွေ ဧကန်မုချ ရရှိခံစားနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်ရှင်..။
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..
အားပေးမှုတွေအတွက် ကျေးဇူးပါရှင်
Facebook Comment
Facebook Page
♥ Love Poem ♥